Sunday, June 10, 2012

ကေအဲန်ယူ၏ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ပြည်တွင်း ပြည်ပ ကရင်များ အထူးစိတ်ဝင်စား

အဲခေါင်သောင့်၊ ဇန်န၀ါရီလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။

လက်ရှိ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံးနှင့် မြန်မာအစိုးရ တို့၏ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေအပေါ် ပြည်တွင်း ပြည်ပ ကရင်အမျိုးသားများက အထူးစိတ် ၀င်တစားရှိပြီး ဆွေးနွေးပြောဆိုမှုတွေလည်း ပိုမို များလာသည်ဟု သိရှိရသည်။


 ကေအဲန်ယူ မိခင်အဖွဲ့ကို ၀န်းရံသွားမယ်ဆိုတဲ့ နိုင်ငံတကာရောက် ကရင်တွေ

ယခုလ အစောပိုင်းက ငြိမ်းချမ်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ကေအဲန်ယူ ဗဟိုကော်မတီမှ အရေးအပေါ် အစည်းအဝေး ကျင်းပခဲ့သလို ပြည်တွင်း ပြည်ပ ကရင်အမျိုးသားတွေကလည်း ကေအဲန်ယူ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ အပေါ် သုံးသပ်ဝေဖန်မှုတွေကို အဖွဲ့အစည်း အလိုက်၊ အုပ်စုလိုက်ဖြင့် လူချင်းတွေ့ဆုံ ဆွေးနွေးကြခြင်းဖြင့် လည်းကောင်း အွန်လိုင်း အင်တာနက်၊ ဖုန်းကနေ တဆင့် ဆွေးနွေးကြခြင်းဖြင့် လည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

"လက်ရှိ ကေအဲန်ယူက နောက်တကြိမ် အစိုးရနဲ့ သွားတွေ့ကြမယ်။ အဲလို သွားတွေ့မယ့် အချိန်မှာ ကျနော်တို့မှာ နိုင်ငံရေး အကျိုးအမြတ်တွေ ထွက်ရှိဖို့ လိုတယ်။ သွားတွေ့တယ် ပြန်လာတယ်။ ဘာမှ ထူးမလာဘူးဆိုရင် သွားတွေ့တာ ဘာအကျိုးရှိမလဲ။ မြန်မာအစိုးရကပဲ အမြတ် ထွက်ထွက်သွားမယ်။ ဒါကြောင့် ကျနော်တို့ ပြည်ပရောက်နေတဲ့ ကရင်တွေလည်း တွေ့ဆုံဆွေးနွေးပြီး မိခင်အဖွဲ့အစည်းကြီးကို လိုအပ်တဲ့ အကြံဥာဏ်တွေနဲ့ ၀န်းရံသွားဖို့ ဆွေးနွေးပြောဆိုခဲ့ကြ တာ ဖြစ်တယ်"ဟု ဆွေးနွေး ပွဲ ပြု လုပ်ရာတွင် ပါဝင်ခဲ့သူ သြစတြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ  ကရင်လူငယ်တဦးက ဆိုသည်။

အွန်လိုင်းပေါ်ကနေ ဆွေးနွေးပွဲ ပြုလုပ်သူ အမေရိကန်ရောက် ကရင်တော်လှန်ရေး သမားဟောင်း တဦးကလည်း "ထာဝရ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ဆိုတာ အဓိက အရင်ဆုံး လုပ်ရမှာ က အပစ်အခတ် ရပ်စဲရေးပဲ။ အဲဒီအပစ်ရပ်ဖို့ အတွက်ဆိုရင် တပ်ရုပ်သိမ်းရေး၊ တပ်နေရာ ချထားရေးကို အရင်ဆုံးအဓိကထား လုပ်ဆောင်ရမှာ ဖြစ်တယ်။ တကယ်လို့ တပ်ရုပ်သိမ်းရေး ကိစ္စတွေ တပ်နေရာ ချထားရေး ကိစ္စတွေကို မလုပ်ဆောင်ဘူး အဓိကထား မဆွေးနွေးမဆုံးဖြတ်နိုင်ဘူး ဆိုရင်တော့ နောက်ထပ်သွားရောက်တွ့ဆုံဖို့ မလိုဘူးလို့ပဲ အကြံပြုချင်တယ်"ဟု ပြောဆိုသည်။

လက်ရှိ ကေအဲန်ယူ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်  ဆွေးနွေးအကြံပေးမှုတွေ ရှိသည့်အပြင် စိုးရိမ်မှု တချို့လည်း ကရင်လူထုတွေကြားထဲမှာ ထွက်ရှိလာခဲ့ပါသည်။

ပြည်တွင်း ကရင်အမျိုးသမီးတဦးမှ အီးမေးလ်ကနေ တဆင့် ပေးပို့သည့် စာထဲတွင် လက်ရှိ ကေအဲန်ယူ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အရင်ကလို ထပ် အလိမ်ခံရမှာကို အထူးစိုးရိမ်မိကြောင်း၊ ငြိမ်းချမ်းရေး ခရီးစဉ်မှာ စီးပွားရေး သမားတွေ တချို့ ပါဝင် ပါတ်သက်တာတွေက သံသရရှိစရာ ရှိကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ရံပုံငွေ မရှိလို့ စီးပွားရေး သမားတွေကို အကူအညီတောင်းခံရပါတယ် ဆိုတဲ့ ဦးအောင်မင်းရဲ့ ပြောဆိုချက်တွေဟာ တော်လှန်ရေး သမားတွေကို စီးပွားရေး လမ်းကြောင်းပေါ်ကို ရောက်အောင် တွန်းပို့ လုပ်ဆောင် နေခြင်းသာဖြစ်ကြောင်း ဆွေးနွေးရေးသားထားသည်။

 ရန်ကုန် အခြေစိုက် ကရင်အမျိုးသမီး လှုပ်ရှားမှု အဖွဲ့ ဒါရိုက်တာ နော်စူစဲနာလှလှစိုးက ကေအဲန်ယူ၏ ငြိမ်းချမ်းရေး ခရီးစဉ်မှာ စီးပွားရေး သမားတွေက သိန်း ၇၀၀ကျော် အကုန်အကျခံခဲ့ကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ စီးပွားရေး အမျှထုတ်မှုကို ဆန့်ကျင်ကြောင်းလည်း သူကိုယ်တိုင် ဦးစီးပြုလပ်သည့် ငြိမ်းချမ်းရေး ဖြစ်စဉ် အတွေ့အကြုံ ဆွေးနွေးပွဲတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။


နောက်ထပ် သြစတြေးလျားနိုင်ငံရောက် ကရင်အမျိုးသား တဦးဖြစ်သူ ကလည်း နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ မြန်မာအစိုးရကို တိုင်းရင်းသား လက်နက်ကိုင်တွေက လူနဲ့သူနဲ့ တူလာအောင် လုပ်ပေးနေတာ ဖြစ်ကြောင်း၊ အထူးသဖြင့် ကေအဲန်ယူနဲ့ လက်မှတ်ထိုးနိုင်ခဲ့တဲ့ အပေါ် အနောက်အုပ်စုတွေရဲ့ အာရုံစိုက်မှု ချီးကျူးမှုကို အပြည့်အ၀ ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ရှမ်းခေါင်းဆောင် ခွန်ထွန်းဦး ပြောသလိုပဲ အမေရိကန် လက်နက်နဲ့ တိုင်းရင်းသားတွေကို တနေ့ ပြန်မတိုက်နိုင်ဘူးလို့ ဘယ်သူအာမခံရဲလဲ ဆိုတဲ့ စကားကိုလည်း အလေးအနက်ထားဖို့ လိုကြောင်း သူ၏ Facebookမှာ ရေးသားဖော်ပြထားသည်။

နော်ဝေရောက် ကရင်အမျိုးသား တဦးကမူ ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်လို အခြေအနေမျိုးပဲ ရောက်ရောက် ကိုယ့်အမျိုးသားအတွက် တကယ် အကျိုးဖြစ်အောင် လုပ်ပေးမယ့် ခေါင်းဆောင်တွေ နောက်ကိုတော့ ၀န်းရံလိုက်ပါ သွားဖို့ ရှိတယ်ဟုလည်း ပြောဆိုသွားခဲ့ပါသည်။




Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment