Wednesday, July 18, 2012

မုဆိုးကော်ကဆာ စောဟန်တာသာမွှေး (KNDO ခေါင်းဆောင်)

ဇူလိုင် ၁၆ရက်နေ့မှာ ကျရောက်တဲ့ ကရင့် အမျိုးသား ကာကွယ်ရေး တပ်မတော် (KNDO)နေ့ကို ကြိုဆို ဂုဏ်ပြုချင်တာကြောင့် KNDOစတင် တည်ထောင်စဉ်က ပါဝင်ခဲ့သူ တဦးဖြစ်တဲ့ မုဆိုးကော်ကဆာ စောဟန်တာသာမွေးအကြောင်းကို တင်ပြလိုက်ပါတယ်။

KNDOကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူ မန်းဘဇန်၊ စောဟန်တာသာမွေးနဲ့ စောစန်းကေပုံ။

 KNU ကရင့်အမျိုးသား အစည်းအရုံး၏ လက်နက်ကိုင်တော်လှန်းရေးတပ်ဖွဲ့မှ (KNDO)ဖြစ်သည်။ ယင်းတပ်ဖွဲ့၏ အဓိကခေါင်းဆောင် (၃)ဦးမှာ စောဟန်တာသာမွှေး၊ မန်းဘဇံနှင့် စောစန်းကေတို့ ဖြစ်ကြသည်။ ယင်းတို့သုံးဦးတွင် စောဟန်တာသာမွှေးမှာ ပညာရေး၊ မန်းဘဇံမှာ ကာကွယ်ရေးနှင့် စောစန်းကေမှာ ဝါဒဖြန့်ချီရေး စသဖြင့် ထပ်ဆင့်၍ တာဝန်ခွဲထားကြသည်။ စောဟန်တာသာမွှေး၊ မန်းဘဇန်နှင့် စောစန်းကေတို့ (၃)ဦးစလုံးပင် ဗြိတိသျှတို့ ဆုတ်ခွာခါနီး မေမြို့အရေးပေါ် ဗိုလ်သင်တန်းကျောင်းတွင် တက်ရောက်ခဲ့ဖူးကြသည်။ သို့ရာတွင် စောစန်းကေတစ်ဦးထဲသာ ဗြိတိသျှတို့နှင့်အတူ အိန္ဒိယသို့လိုက်ပါသွားသဖြင့် တပ်ဖွဲ့အမှတ် ၁၃၆(force-136)၏ အရာရှိဖြစ်သည်။ တနည်းအားဖြင့် ထိုစဉ်က စောဘဦးကြီးမှာ နိုင်ငံရေး၊ စည်းရုံးရေးတွင် အားသန်၍ စောဟန်တာသာမွှေး၊ မန်းဘဇန်နှင့် စောစန်းကေတို့သည် စစ်ဘက်ရေးတွင် အားသန်ကြသည်။ သို့ဖြင့် မအူပင်ဘက်နှင့် မအူပင်မြို့ဖေါက်ထွင်းစီးနင်းမူ့နှင့် ပတ်သက်၍ စောဟန်တာ သာမွှေး၊ မန်းဘဇန်နှင့် စောစန်းကေတို့တွင် တာဝန်ရှိသည်ဟု ယူဆကြသည်။ စောဟန်တာသာမွေးမှာ မအူပင်တွင် ပညာအုပ်လုပ်ခဲ့ပြီး မန်းဘဇန်မှာ မအူပင်မြို့ အေ ဘီ အမ် (ABM)ကျောင်းတွင် ကျောင်းအုပ်ဆရာကြီးဖြစ်သည်။ ယင်းမအူပင်ဘက်နှင့် ဘဏ်ဖေါက်ထွင်းမူ့ စီးနင်းမူ့ရရှိသော ငွေသိန်း(၃၀)ဆယ်ကို တဝက်ခွဲပြီး ရန်ကုန်မြို့ စောစန်း ကေက (KNDO)တပ်သားသစ်များကို စုဆောင်းလေ့ကျင့်ပေးသည်ဟု ယူဆထားကြသည်။ ယင်းအစဉ်လာနှင့် ခေါင်းဆောင်းမူ့အပေါ်တွင် အခြေခံ၍ စောဘဦးကြီးနှင့် စောစန်းကေတို့ကျ ဆုံးသွားပြီးနောက် KNU and KNDO အတွင်းမှာ ခေါင်းဆောင်မူ့ကို အစားထိုးရာတွင် ကျန်ခေါင်းဆောင်းများအား လက်မခံပဲ စောဟန်တာသာမွှေးနှင့် မန်းဘဇန်တို့နှစ်ဦးသာ လက်ခံခဲ့ကြသည်။ ရန်ကုန်သားစစ်စစ် ကရင်အမျိုးသားခေါင်းဆောင်းများအနက် စောဟန်တာသာမွှေးသည် ရန်ကုန်သားစစ် စစ်တစ်ယောက်ဖြစ်သည်။ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ကရင်ခရောင်းကုန်းရွာ၌ (၁၉၀၅)ခုဧပြီလ ၁၃ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဖခင်မှာ ဆရာသာမွှေးဖြစ်၍ မိခင်မှာ နော်မိုးလွင်ဖြစ်သည်။ ဖခင်ဆရာသာမွှေးသည် ဗြိတိသျှခေတ်တလျှောက် ဒလမြို့နယ် စမ်းကြီးရွာတွင် ကျောင်းဆရာလုပ်ခဲ့သည်။ စစ်ဖြစ်လာသောအခါတွင် ရွာပြန်လာ၍ လယ်ယာလုပ်ကိုင်သည်။ မွေးချင်း(၃)ယောက်ရှိရာ စောဟန်တာသာမွေးမှာ ပဌမ သားဦးဖြစ်သည်။ စောဟန်တာသာမွှေး (၆)နှစ်သားတွင် ရွာရှိကျောင်း၌ ကျောင်းစ,နေသည်။ စတုတ္ထတန်းရောက်လျှင် အင်းစိန်ပေါက်တောရှိ ဆိုင်မွန်အင်္ဂလိပ် မြန်မာနှစ်ဘာသာသင်ကျောင်းတွင် သတ္တမတန်းအောင်သည်အထိ နေခဲ့သည်။ မိဘများသည် ပညာရေးလောကမှဖြစ်၍ သားဖြစ်သူ၏ပညာရေုးုကို အထူးအားပေးကာ ရန်ကုန်မြို့အလုံ ကူရှင် အထက်တန်းကျောင်းတွင် ဆက်လက်ပညာသင်ကြားစေ၏။ စောဟန်တာသာမွှေးသည် ၁၉၂၃ခုနှစ်တွင် ကူရှင်ကျောင်းအထက်တန်းကျောင်းသားဘဝတွင် မောင်ကြည်၊ မောင်စည် ညီအစ်ကိုနှင့် ကျောင်းနေဘက်သူငယ်ချင်းဖြစ်၍ ခင်မင်၏။ နောင်အခါတွင် မောင်ကြည်သည် ဦးကြည်အမည်ဖြင့် စကောက် (ကင်းထောက်)မင်းကြီး ဖြစ်လာသည်။ စောဟန်တာသာမွှေး၏ အထက်တန်း ကျောင်းသားဘဝတွင် ပထမကမ္ဘာစစ်ကိုလည်းကောင်း၊ (၁၉၂၀)ခုနှစ် ပထမကျောင်းသားသပိတ်ကိုလည်းကောင်း ကြုံခဲ့ရသည်။ ယင်းသို့ဖြင့် (၁၉၂၃-၂၄)ခုနှစ်တွင် ဂျင်ဆင်ကောလိပ်သို့ ရောက်လာသည်။ ဂျင်ဆင်ကောလိပ်သည် ပထမတွင် သီးခြားဖြစ်သော်လည်း နောက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်နှင့် ပေါင်းစည်းသွားသည်။ ဂျင်ဆင်ကောလိပ်သည် ခရစ်ယာန်သားသမီးများ ပညာသင်စရိတ်နည်းပါသဖြင့် သင်ကြားနိုင်ရန် ရည်စူးထားသည်ဖြစ်၍ နောင်အခါ ကရင့်အမျိုးသားခေါင်းဆောင်းများ ဖြစ်လာကြသည်။ မန်းဝင်းမောင်၊ မန်းဘဆိုင်၊ မန်းဘဇန်တို့အားလုံး ဂျပ်ဆင်ကောလိပ်တွင် ပညာသင်ခဲ့ဖူးကြသည်။ ယင်းသို့ဖြင့် စောဟန်တာသာမွှေးသည် (၁၉၂၇)ခုနှစ်တွင် အင်္ဂလိပ်စာ သမိုင်း ဒဿနိ ကဘာသာတို့ဖြင့် (ဘီအေ)အောင်ခဲ့သည်။ ဘီအေ အောင်လက်မှတ်ကိုင်၍ အလုပ်ရှာဖွေကြရာ အချို့က အလုပ်မရသဖြင့် (ဘီအေ)ပြန်တက်ရသည်။ စောဟန်တာသာမွှေးသည် အကြောင်းအားလျှော်စွာ စီ အိုင် ဒီ ဌာနတွင် အလုပ်ရ၏။ မနှစ်မြို လှသောလည်း အခြေအနေအရ အလုပ်ထဲဝင်လိုက်သည်။ သူ၏တာဝန်မှာ အနယ်နယ်အရပ်ရပ်က ပေးပို့ရောက်ရှိလာသည့် နိုင်ငံရေးဆိုင်ရာသတင်းပေးပို့ ချက်များကို ဖတ်ရှုစီစစ်ကာ ပြန်လည်ရေးသားပြီး မျက်နှာဖြူမင်းကြီးထံ တင်ပြရသည်။ မျက်နှာဖြူအရာရှိကြီးသည် တရားဝင်စာမထုတ်ထားသောလည်း သူ့အခန်းထဲဝင်လျှင် ဖိနပ်ချွတ်ဝင်မှသာ သဘောကျ၏။ စောဟန်တာသာမွှေးမှာ မျက်နှာဖြူကြီးအကြိုက် ဖိနပ်ချွတ်မဝင်သောကြောင့် အရာရှိကြီး၏ မျက်နှသာပေးခြင်းကို မခံရပေ။ ယင်းသို့ စောဟန်တာသာမွှေးအဖို့ အင်းစိန် စီ အိုင် ဒီတွင် ၂နှစ် ဝင်ရောက်အလုပ်လုပ် ခြင်းအတွက် ထိုစဉ်က ဗြိတိသျှတို့မှ မြန်မာလူမျိုးနှင့် မြန်မာနိုင်ငံရေးသမားများအပေါ် ထားသည့် သဘောထားကိုလည်း သိလိုက်ရသည်။ ယေဘုယျ နိုင်ငံရေးလုပ်ငန်းအပေါ်တွင်လည်း အထိုက်အလျောက်နားလည်ခဲ့သည်။ အထူးသဖြင့် ဗြိတိသျှခေတ် စီအိုင်ဒီတွင် တဘက်၌ နိုင်ငံရေးသမား၏ စာရင်းတခုကို ပြုစုသည်။ ထိုမှ နိင်ငံရေးဝါဒလမ်းစဉ်အရ ဆက်သွယ်လာသော အကြောင်းအရာများကို စာရင်းမှတ်တမ်းတင် ပြုစုထားသည်။ ထိုစဉ်က ဗြိတိသျှခေတ်စီအိုင်ဒီကို မျက်စိလည်၍ ချွေးပန်းစေသော ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးမှာ ဦးပုပင်ဖြစ်သည်။ ဦးပုသည် မကြာခဏ နိုင်ငံရေးတရားဟောပြောပွဲထွက်သည်။ ယင်းသို့ထွက်တိုင်း စီအိုင်အေအတွက် ချွေးပြန်စေရသည်။ အကြောင်းမှာ ဦးပုသည် တောင်ငူသို့ တရားသွားဟောမည်ဆိုပါက ဖြူးတွင် အလျင်ဦးစွာဆင်းလိုက်သည်။ နောက်မှ တောင်ငူသို့ ဆက်သွားသည်။ ဤသို့ဖြင့် တောင်ငူတွင် ဦးပုအားစောင့်နေသော စီအိုင်ဒီအတွက်လည်း မျက်စိလည်၍ ချွေးပြန်ရလေသည်။ ဤသို့ဖြင့် ၁၉၂၉ခု စီအိုင်ဒီလုပ်သက် ၂နှစ်အကြာတွင် စောဟန်တာသာမွှေးမှာ အလုပ်ကထွက်လိုက်သည်။ အဖေကျောင်းဆရာ သားကျောင်းဆရာ ယင်းသို့ ဆိုင်းမပါ ဗုံမပါ စီအိုင်ဒီက အလုပ်ထွက်လိုက်ခြင်းအတွက် စောဟန်တာသာမွှေး ပူပူနွေးနွေးရင်ဆိုင်ရသည့်ပြဿနာမှာ ပုသိမ်သူ့ရည်းစားချောက သူနှင့် လမ်းခွဲသွားခြင်းပင်ဖြစ်သည။် ပုသိမ်သူ၏ တွက်ကိန်းတွင် စီအိုင်ဒီ ဌာနတွင် စောဟန်တာသာမွှေးမှာ အဆင့်ရာထူးတိုးပြီး တစ်နေ့တွင် စုံထောက်မင်းကြီးအထိ ဖြစ်လာနိုင်သည် ထိုအခါ သူမသည်လည် စုံထောက်မင်းကြီး၏ကတော် ဖြစ်လာမည်။ ထိုသို့ တွက်ထားသည့်ကြားက စောဟန်တာသာမွှေးက ရုတ်တရက် အလုပ်ထွက်သွားသဖြင့် သူမ၏ ရည်မှန်းချက်တောင်ကြီး ပြိုလည်းသွားသည့်အပေါ် မခံမရပ်နိုင်ဖြစ်ပြီး ပုသိမ်သူလေးက အဆက်ဖြတ်လိုက်ခြင်းဖြစ်သည်။ စောဟန်တာသာမွှေးမှာ လောလောဆယ် အလုပ်ကလည်းမရှိ ပုသိမ်သူကလေးကလည်း အဆက်ဖြတ်လိုက်သဖြင့် နေမထိထိုင်မသာဖြစ်နေစဉ် ထားဝယ်မြို့ ကရင့်အထက်တန်းကျောင်း မော်ရိုးတွင် ကရင်အထက်တန်းပြဆရာတစ်ဦး လိုအပ်ကြောင်း သတင်းကရောက်ရှိလာသည်။ လောလောဆယ်အားဖြင့် ထားဝယ်မြို့သို့ သွားရောက်ပါက စိတ်သက်သာမူ့လည်းရမည်။ တဘက်တွင် အမျိုးသားရေးအတွက်ကိုလည်း အကျိုးပြုရာကျရောက်မည်ဟု ယူဆမိ၍ စောဟန်တာသာမွှေး ထားဝယ်သို့ ထွက်လာသည်။ ထားဝယ်တွင် စောဟန်တာသာမွှေးအတွက် ကျောင်းဆရာလုပ်ရင်း စာဖတ်ချိန်များစွာရရှိသည်။ အထူ။သဖြင့် ကရင်လူမျိုးများနှင့် ပါတ်သက်သော ဒေါ်နယ်စမီးတန်း(danald smeaton)၏သစ္စာရှိ ကရင်လူမျိုးများ(loyal Karen of burma)စာအုပ် ကရင့်အမျိုးသားခေါင်းဆောင်းတစ်ဦးဖြစ်သော ဒေါက်တာစံစီဖိုး၏ မြန်မာပြည်နှင့်ကရင် (burma and the Karen )စာအုပ်ပြီးလျှင် ဘုန်းတော်ကြီးအိပ်ခ်ျ အိုင်မာရှယ် (H.I Marshall)၏ ဗမာပြည်၏ကရင်လူမျိုးများ (The Karen people of Burma) စာအုပ်တို့ကို စောဟန်တာသာမွေးမှာ အမျိုးသားစိတ်များနိုး ကြားလာလေသည်။ ထားဝယ်မြို့တွင် ကျောင်းဆရာလုပ်နေစဉ် စောဟန်တာသာမွေးသည် (၁၉၃၀)ခုနှစ်တွင် ဆရာမနော်အေးမယ်နှင့် အိမ်ထောင်ကျသည်။ ထိုစဉ်က စောဟန်တာသာမွှေးမှာ အသက်၂၅နှစ်ဖြစ်သည်။ နောက်ပိုင်းတွင် သားမီးကလေးသုံးယောက်ထွန်းကားသည်။ ယင်းသို့ ထားဝယ်မြို့ကျောင်းတွင် အထက်တန်းပြဆရာလုပ်နေစဉ် (၁၉၃၁)ခုနှစ်တွင် ကရင်ကျောင်များဆိုင်ရာ ပညာအုပ်အဖြင့် ခန့်အပ်ခြင်းခံရပြီး တောင်ငူမြို့သို့ပြောင်းရွေ့ လာသည်။ ၁၉၃၃ခုနှစ်ရောက်လျှင် ပညာအုပ်ရာထူးဖြင့်ပင် စောဟန်တာသာမွှေးသည် ညောင်လေးပင်နှင့် ပဲခူးသို့ပြောင်းရွေ့လာခဲ့ရသည်။ ညောင်လေးပင်၊ ပဲခူးတွင် ၁၉၃၈ ခုနှစ်အထိ နေထိုင်ခဲ့သည်။ စစ်အတွင်း ဘဝအခြအနေ (၁၉၄၂)ခုနှစ် ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် ကမ္ဘာအရှေ့ခြမ်း၌ ဗြိတိသျှတို့၏ အခိုင်အခန့်ဆုံးသော စင်္ကပူခံတပ်ကြီး ဂျပန်တို့၏လက်ဝယ်သို့ ကျရောက်သွားသည်။ စစ်သည် မနက်ဖြန်သဘက် မြန်မာပြည်သို့ ရောက်လာတော့မည်ဖြစ်၍ ဗြတိသျှတို့၏ အုပ်ချုပ်ရေး ယန္တရားသည် မရေမရာဖြစ်လာသည်။ ဤအထဲတွင် စောဟန်တာသာမွှေး၏ ပညာအုပ်အလုပ်မှာပို၍ မရေမရာဖြစ်လာလေသည်။ စစ်ဖြစ်လာရင် ယောက်ျားသားများအဖို့ စစ်ထဲဝင်ကြသည်မှာ ဓမ္မတာဖြစ်လေရာ စောဟန်တာသာမွှေးလည်း ဇနီးနှင့်သားသမီးများအား ဆွေမျိုးများရှိ မော်လမြိုင်ကျွန်းမြို့နယ် ဘုရားတောင်ရွာသို့ ပို့ထားလိုက်ပြီး မေမြို့ရှိ အရေးပေါ်ဗိုလ်သင်တန်းကျောင်းသို့ တက်လိုက်သည်။ ဤတွင် စစ်တောင်းတံတားကြီးကို ချိုး၍ ဗြိတိသျှတို့ မြန်မာနိုင်ငံမှာ အောင်မြင်စွာ ဆုတ်ခွာသွားသောအခါ စောဟန်တာသာမွှေးလည်း ဗိုလ်သင်တန်းကျောင်းအုပ်ကြီး၏ စကားကို ယုံစားပြီး မုံရွာမြို့အထိ လိုက်ပါ၍ အောင်မြင်စွာဆုတ်ခွာကြည့်သည်။ သို့ရာတွင် အစ စအရာအရာ ဘာမျှမသေချာမရေရာသောကြောင့် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီး ဇနီးနှင့်သားသမီးများရှိရာ ဘုရားတောင်ရွာသို့ အရောက်ပြန်လာခဲ့သည်။ ဘုရားတောင်ရွာတွင် မိမိကိုယ်ကိုယ်မိမိစစ်ဗိုလ်လား စစ်ပြေးလား ခွဲးခြားမရစဉ် စောဟန်တာသာမွေးမှာ ဂျပန်း၏ကင်းပေးနှင့် ဂျပန်စကားပြန်ရန်က ဝေးအောင် သတိဖြင့်နေနေရသည်။ ထိုသို့ဖြင့် စားဝတ်နေရေးကိစ္စက ပေါ်လာပြန်သည်။ သမ္ဗာန်တစ်စီးဝယ်၍ စားဝတ်နေရေးအတွက် လပွတ်တာဘက်တွင် ထင်းသွားခုတ်ရသည်။ သို့ရာတွင် ထင်းမရဘဲ ဝယ်ထားသောသမ္ဗာန်ပါ ဆုံးကျန်ခဲ့သည်။ ယင်းသို့ ဂျပန်ခေတ်ကမ်းမမြင်လမ်းမှာ စောဟန်တာမွှေးရန်ကုန်သို့ ပြန်တက်လာသ ည်။ တချိန်ကကျောင်းနေဘက်သူငယ်ချင်းများ ဖြစ်ကြသော ဦးစည်နှင့် ဦးညီတို့ညီအစ်ကို၏ အကူအညီဖြင့် ထမင်းစားဖို့ရာ ဂျပန်ခေတ် ပညာအုပ်အလုပ်ကို ဝင်လုပ်၏ ဂျပန်ခေတ်တွင် စာသင်ကျောင်းများ ပိတ်ထားသော်လည်း ပညာအုပ်လုပ်သူမှာ ကျောင်းများရှိရာသို့ လှည့်ပတ် သွားနေရသည်။ ယင်းသို့ ညောင်လေးပင်နယ်အတွင်း ပညာအုပ်စောဟန်တာသာမွှေး လှည့်လယ်နေစဉ် ဂျပန်ဗြိတိသျှက စစ်တပ်မှ မေဂျာစီးဂရင်းနှင့် ပါတ်သက်ပြီး သံသယရှိလာသည်။ ညောင်လေးပင်၏ ကွင်ကျင်းသည့် ဖါပွန်တောင်တန်းနှင့် ဆက်စပ်နေသည်။ ဂျပန်က မေဂျားစီဂရင်းသည် ဖါပွန်တောင်တန်းပေါ်တွင် ကရင်ပျောက်ကျားဖွဲ့စည်း၍ စစ်သင်တန်းပေးနေသည်ဟု သတင်းရထားသည်။ သို့ဖြင့်၍ စောဟန်တာသာမွှေးမှာ ညောင်လေးပင်နယ်အတွင်း လှည့်လယ်သွားလာနေရာမှ ဂျပန်တို့ရှေ့မှောက်တွင် နေပြရသည့် ဂျပန်အကျယ်ချုပ်အကျဉ်းသားဘဝသို့ ရောက်ရှိသွားလေသည်။ ဤသို့ရှိနေစဉ် တနေ့သ၌ ဂျပန်ကင်းပေတိုင်ရုံးတွင် အမူ့ထမ်းနေသော လူငယ်တစ်ဦးက ဂျပန်တွေအလှစ်တွင် စောဟန်တာသာမွှေးအား ဂျပန်တွေက တစ်စုံတစ်ခုလုပ်ရန် အစီအစဉ်ရှိကြောင်းကို သတင်းပေးလာ၏။ နောက်တနေ့တွင် စောဟန်တာသာမွှေးလည်း ဂျပန်တွေအလှစ်၌ တောင်ငူဘက်သို့ ထွက်ပြေးလေသည်။ ၁၉၄၄ခုနှစ်သို့ရောက်လျှင် ဂျပန်ရန်ကအေးသလောက်ရှိပြီဟု ယူဆရသဖြင့် စောဟန်တာသာမွှေးသည် ဒီဇင်ဘာလထဲ၌ ဟင်္သာတမှ ရန်ကုန်သို တက်လာသည်။ ရန်ကုန်ရောက်လျှင် ညီအစ်ကိုဝမ်းကွဲတော်သူဆရာဝန်အိမ်တွင် ခေတ္တနေသည်။ ညီဝမ်းကွဲဆရာဝန်မှာလည်း ဂျပန်ဆန့်ကျင်ရေးသမားဖြစ်နေ၍ စောဟန်တာသာမွှေးအဖို့ အစစအရာရာ အဆင်ပြေသွားလေသည်။ ထိုအချိန်တွင် အင်းစိန်ထောင်ထဲ၌ မေဂျာစီးဂရင်း၏ ပြောက်ကျားတပ်ဖွဲ့ဝင်များဖြစ်ကြသော စောဖိုးလှ (နောင်ရန်ကုန်ဆိတ်ကမ်းမင်းကြီး)ဆိုင်ရပ်စ် ဆရာမေရှား၊ ဆရာကျော်လေး (grandfather long legs)တို့ရှိနေကြသည်။ စောဟန်တာသာမွှေးသည် ယင်းသတင်ကို သေချာအောင်စုံစမ်းပြီးနောက် ထောင်ဝန်ထမ်းတွေကို လှည့်စားကာထောင်တွင်းသို့ နှစ်ကြိမ်ဝင်ရောက်တွေ့ဆုံခဲ့သည်။ ယင်းကရင်ပျောက်ကျားဝင်များ လိုအပ်တာတွေကို ဖြည့်စည်းပေးသည့်အပြင် ထိုစဉ်က ငွေငါးကျပ်ကိုပင် ထောင်ထဲအရောက်ပို့ပေးနိုင်ခဲ့သည်၊၊ မဟာမိတ်တို့နှင့်တွေ့ဆုံခြင်း ၁၉၄၅ခုနှစ်ဆန်းလျှင် မဟာမိတ်များသည် မြန်မာပြည် စစ်မြေပြင်၌ ထိုးစစ်ကို ပြန်လည်စတင်လာသည်။ ဗမာတပ်မတော်ကလည်း အထက်မြန်မာပြည်တွင် ဂျပန်ကို စတင်တိုက်ခိုက်သည်။ မဟာမိတ်တပ်ဖွဲ့များ၏ ထိုးစစ်သည် ပြည်တွင်း ဖက်ဆစ်တော်လှန်ရေးများကြောင့် ပိုမို၍လျှင် မြန်လာသည်။ ယင်းအချိန်တွင် ညီအစ်ကိုဝမ်းကွဲဆရာဝန်ထံတွင် ပုန်းခိုနေသောစောဟန်တာသာမွှေးထံသို့ မဟာမိတ်ဘက်တော်သားတစ်ဦးဖြစ်သော စောဘသန်းရွေ (ပါကွက်ထူး)ရောက်လာသည်။ စောဟန်တာသာမွှေးသည် ဖက်ဆစ်တော်လှန်ရေးတွင် စိတ်ဓါတ်ပြင်းထန်းသော ကရင်ဘုန်းတော်ကြီး ဦးပန္ဒဝံသ (နောက်တွင် BNNA)နှင့် ထပ်မံဆက်သွယ်ပေးသည်။ ကရင်ဘုန်းတော်ကြီးသည် မြန်မာပြည်လွတ်လပ်ရေးနှင့်ပါတ်သက်၍ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ဘိလပ်အတွင်းဝန် လော့ဒ်လစ္စတိုနှင့် ကရင့်အရေးပါဝင်ဆွေးနွေးခဲ့သော ကရင်ဆရာတော်တစ်ပါးလည်းဖြစ်သည်။ စောဟန်တာသာမွှေးသည် မြန်မာနိုင်ငံအတွင်း ထိုးစစ်ဆင်လာသော မဟာမိတ်တပ်ဖွဲ့ နှင့်တွေ့ဆုံရန် ရန်ကုန်မှထွက်လာသည်။ သူသည် ပျော်ဘွယ်မြို့အရောက်တွင် မိတ္ထီလာမှ ပထ မဦးဆုံး ချီတက်လာသော မဟာမိတ်ရှေ့တမ်းတပ်ဖွဲ့ဖြစ်သည့် ဘီအိုင်အေတပ်ဖွဲ့နှင့် တွေ့ရသည်။ ယင်းတပ်ဖွဲ့၏ တပ်မူးများမေဂျာတယ်ရီ ဖြစ်သည် မေဂျာတယ်ရီသည် စောဟန်တာသာမွှေးအား ကောင်းမွန်စွာ ကြိုဆိုသည်။ စောဟန်တာသာမွှေးပြောပြသည့် ဂျပန်၏ အခြေအနေနဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေကိုလည်း ကောင်းစွာပင်လက်ခံ၍ ဆွေးနွေးသည်။ ဤသို့ဖြင့် မေဂျာတယ်ရီ၏မဟာမိတ်ရှေ့ပြေးတပ်ဖွဲ့ဖြစ်သော ဘီအိုင်စီ ပျော်ဘွယ်မြိုမှ ပဲခူးမြို့သို့ ရှေ့ရှုချီတက်လာသောစစ်ကြောင်းတလျှေက်တွင် စောဟန်တာသာမွှေးသည် တပ်ဦးမှ မေဂျာတယ်ရီနှင့်အတူ ပဲခူးအရောက် ချီတက်လိုက်ပါလာခဲ့သည်။ ဤသည် စစ်အတွင်းနှင့် ဖက်ဆစ်တော်လှန်ရေးကာလ စောဟန်တာသာမွှေး ပါဝင်ပါတ်သက်ပုံများဖြစ်သည်။ ကျွန်တော်သည် (၁၉၇၈)ခုနှစ်တွင် ဌာနဆိုင်ရာမှ လျှော့ပေါ့ပင်စင်ယူပြီးနောက် အချိန်ပြည့် စာပေရေးသားထုတ်ဝေရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ဖြင့် ဥပဒေတွင် ပြန်လည်ရောက်ရှိလာသော မုဆိုးကော်ကဆာစောဟန်တာသာမွှေး၏ အတ္ထုပ္ပတ္တိကို ရေးသားပြုစုရန် သူ့အိမ်ရှိရာ အင်းစိန်ကြိုးကုန်းသို့ အခေါက်ခေါက်အခါခါပင် ကျတော်ရောက်သွားခဲ့သည် ကျွန်တော်က ကရင်အမျိုးသားခေါင်းဆောင်းများအနက် စောဟန်တာသာမွှေးနှင့် သမ္မတ မန်းဝင်းမောင်တို့၏ အတ္ထုပ္ပတ္တိကို အချိန်ယူလျှက် လုံးချင်းစာအုပ်အဖြစ် ရေးသားပြုစုခဲ့သည်။ သို့ရာတွင် စာပေစီစစ်ရေးသည် စောဟန်တာသာမွှေး၏ အတ္ထုပ္ပတ္တိစာမူကို ပုံနှိပ်ထုတ်ဝေရန် ခွင့်မပြု့ခဲ့ပါ။ ထိုမှ သမ္မတကြီးမန်းဝင်မောင်၏ အတ္ထုပ္ပတ္တိကိုမူ စာပေစီစစ်ရေးသို့ တင်ထားစဉ် ကျွန်တော်သည် ထိုင်းမြန်မာနယ်စပ်သို့ အပြီးထွက်လာခဲ့ပါသည်။ စစ်ပြီးခေတ်အခြေအနေ ၁၉၄၅ခုနှစ် ဇွန်လ(၃၀)ရက်နေ့တွင် အသက်အရွယ်ကြီးရင့်လာပြီးဖြစ်သော ဒေါကလူခေါင်းဆောင်းများမှ ကရင်လူထုအစည်းအဝေကို ခေါ်ပေးခဲ့သည်။ သို့ရာတွင် ယင်းအစည်းအဝေးပွဲတွင် ဆုံးဖြတ်ချက် မယ်မယ်ရရမချနိုင်သော်လည်း နောက်ပိုင်းတွင် ကေစီအိုကို ဖွဲ့စည်းနိုင်ရန် လမ်းဖွင့်ပေးခဲ့နိုင်သည်။ စောဟန်တာသာမွှေးသည် စစ်အတွင်းနှင့် စစ်ပြီးခေတ် မိသားစုပြဿနာရှိနေသဖြင့် ယင်းအခိုက်၌ အလုပ်အကိုင်ဘက်သို့ အာရုံပြုလိုက်ရ၏။ ထိုအချိန်တွင်မိတ်ဆွေဟောင်းများဖြစ်ကြသော ဦးစည်နှင့် ဦးကြည်တို့၏ ဦးလေးတော်သူဦးချိုသည် ပညာဝန်ဖြစ်နေသည် သို့သော်ဦးစည်၏ တိုက်တွန်းကူညီမူ့ဖြင့် မူလလုပ်ခဲ့သည့်အလုပ်ဖြစ်သော ပညာအုပ်အလုပ်ကို မော်လမြိုင်ကျွန်းမြို့ ၌ပြန်ဝင်လိုက်ရပြန်သည်။ မော်လမြိုင်ကျွန်းမြို ပညာအုပ်အလုပ်တွင် သူသည် ကျောင်းများသို့ သွားရောက်စစ်ဆေးလိုက် အချင်းချင်းရယ်စရာ မောစရာလေးတွေပြောလိုက် နှစ်ကုန်လျှင် နှစ်ချုပ်လုပ်လိုက်သဖြင့် တစ်နှစ်ဆိုသည်ကိုပင် ကုန်မှန်းမသိ ကုန်သွားလေတော့သည်။ ထိုသို့ဖြင့် မော်လမြိုင်မှမအူပင်သို့ ပြောင်းရွေ့လာခဲ့ရပြန်သည်။ ဤတွင် မူလကတည်းက စောဟန်တာသာမွှေး၏ ရင်ထဲတွင် စွဲလမ်းနေသော အမျိုးသားရေးလုပ်ငန်းသည် မအူပင်မြို့အရောက်တွင် အထွတ်အထိပ်သို့ ရောက်ရှိသွားလေတော့သည်။ ထိုစဉ်က သူသည်မအူပင်၏ ပညာအုပ်ဖြစ်သည်။ မန်းပေါလ်းအေးငြိမ်းမှာ အေဘီအမ်အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီးဖြစ်၍ မန်းဘဇန်မှာ အထက်တန်းပြဆရာဖြစ်နေသည်။ ကေစီအိုဖွဲ့စည်းသောအခါ မန်းဘဇန်သည် စောဘဦးကြီးတိုက်တွန်းမူ့ဖြင့် မအူပင်ခရိုင်ကိုယ်စားပြု အမူ့ဆောင်လူကြီးတစ်ဦး ဖြစ်လာသည်။ နောက်ပိုင်းတွင် စောဟန်တာသာမွှေးနှင့် မန်းဘဇန်တို့သည် ဌာနဆိုင်ရာအလုပ်မှ အသီးသီးနုပ်ထွက်လိုက်ကြပြီး ကေအဲန်ယူ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ကေအဲန်ဒီအို၏ အဓိကခေါင်းဆောင်းမျာ ဖြစ်လာကြသည်။ အထူးသဖြင့် မအူပင်ဘဏ်နှင့် မအူပင်မြို့ကိုဖောက်ထွင်းစီးနင်းချိန်တွင် စောဟန်တာသာမွေးသည် မအူပင်ခရိုင်၌ ရှိနေချိန်တွင်ဖြစ်သည်။ အထူးသဖြင့် ကေအဲန်ဒီအို အနေဖြင့် လက်နက်ကိုင်တော်လှန်ရေးထဲသို့ စီးဆင်းသွားရာတွင် စောဘဦးကြီး၊ မန်းဘဇန၊် စောဟန်တာသာမွှေးတို့ သုံးဦးရှိကြသည့်အနက် စောဟန်တာသာမွှေးသည် အဓိက ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ထိုမှစောဘဦးကြီးနှင့် ဖဆပလအစိုးရတို့၏ အင်းစိန်ငြိမ်းချမ်းရေးသဘောတူညီချက်ကို အဓိက လက်မခံခဲ့သည့် ကေအဲန်ဒီအို ခေါင်းဆောင်နှစ်ဦးဖြစ်သော မန်းဘဇန် စောဟန်တာသာမွေးတို့အနက်တွင်လည်း စောဟန်တာသားမွှေးသည်လည်း အဓိကတစ်ဦးပင်ဖြစ်သည်။ စေဘဦးကြီးအကြံပြုချက်အရ မန်းဘဇန်သည် ကေအဲန်ဒီအို ဥက္ကဌအနေဖြင့် ဖဆပလအစိုးရထံ ဒုတိယအကြိမ် ငြိမ်ချမ်းရေးသွားရောက်ဆွေးနွေးရ၏။ ယင်းဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမူ့ကိုလည်း လက်မခံနိုင်သဖြင့် အစည်းအဝေးက ပယ်ချလိုက်ပြန်သည်။ ယင်းဒုတိယအကြိမ် လက်မခံနိုင်၍ ဖဆပလထံ ပြန်လည်အကြောင်းကြားစာကို စောဟန်တာသာမွှေးနှင့် အင်းစိန်စစ်မြေပြင် စစ်ဆင်ရေးမူး အောင်စိန်တို့ကပင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုမှ ကေအဲန်ဒီအိုတို့၏ လက်ဝယ်တွင်ရှိနေသော အင်းစိန်သည် (၁၉၄၉)ခုမေလ ၂၂ရက်နေ့တွင် အစိုးရလက်ထဲ ပြန်ရောက်တော့မည်ဖြစ်၍ လုံခြုံရေးအရ စောဘဦးကြီးနှင့် ခေါင်းဆောင်အသီးသီးတို့သည် ကြိုတင်ရွေ့ပြောင်းသွားကြ၏။ သိုရာတွင် ၁၉၄၉ခု မေလ၂၁ရက်နေ့အထိ အင်းစိန်တွင် တစ်ဦးတည်းရှိနေသေးသော ကေအဲန်ယူ ကေအဲန်ဒီအို ခေါင်းဆောင်မှာ စောဟန်တာသာမွှေးသည် အင်းစိန်မှ အင်းစိန်တဘက်ကမ်းသို့ တစ်ဦးတည်းထွက်ခွာလာသည့် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်နေသည်။ စောဘဦးကြီး ကျဆုံးပြီးနောက်အခြေအနေ ၁၉၄၉ခုနှစ် သြဂုတ်လ၁၂ရက်နေ့ စောဘဦးကြီးကရင်ပြည်နယ်အတွင်း ကျဆုံးသွားချိန်တွင် စောဟန်တာသာမွှေးနှင့် မန်းဘဇန်တို့နှစ်ဦးသည် မြစ်ဝကျွန်းပေါ်ဒေသ၏ ပူးတွဲခေါင်းဆောင်အဖြစ် ရှိနေကြသည်။ စောဘဦးကြီး၏ ခေါင်းဆောာင်နေရာတွင် အရှေ့ဘက်ဒေသတွင်ရှိသော (KNU_KNDO)ခေါင်းဆောင်များအနက်မှ အထက်တန်းအရာရှိကြီးဖြစ်ခဲ့သော ဂျေဖူးညိုနှင့် မေဂျာစောလုံတို့အား ရွေးချယ်ရန် ယာထားခဲ့သော်လည်း (KNU_KNDO)တပ်တွင်းတပ်ပြင်ကလက်မခံ စောဟန်တာသာမွှေးနှင့် မန်းဘဇန်တို့အနက် တစ်ဦးဦးကိုသာ လက်ခံနိုင်မည်ဟု ပြန်ကြားလိုက်ကြ၏။ ဤတွင် စောဘဦးကြီး၏ နေရာတွင် ခေါင်ဆောင်မူ့ ဆက်ဆံရေးမှာ စောဟန်တာသာမွှေးနှင့် မန်းဘဇန်တို့နှစ်ဦးပေါ်သို့ ကျရောက်လာခဲ့ပြီးဖြစ်သည်။ ဥက္ကဌကြီးစောဘဦးကြီနေရာမှာ ခင်ဗျားတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်တ က်ပြီး တာဝန်ယူဖို့တောင်းဆိုတယ်။ ဒီအခါ ကျွန်တော်တို့က ဟန်တာသာမွှေးကိုပြောမယ် ခင် ဗျားသွားပြီးတော့ စောဘဦးကြီးနေရာမှာ တာဝန်ယူ ကျွန်တော်ကတော့ မြစ်ဝကျွန်းပေါ်မှာနေခဲ့မယ်။ မြစ်ဝကျွန်းပေါ်ကို ဆက်လက်ပြီးထိန်းသိမ်းဖို့ လိုသေးတယ်။ အခြေအနေကလည်း ဒီလိုဖြစ်တယ်။ အခြေအနေဆိုးနေတဲ့အတွက်ကြောင့် ကျွန်တော်ဒီမှာနေခဲ့မယ်။ ခင်းဗျားသွားပါ ဒီလိုသဘောတူညီချက်ရတယ်။ ရတော့ ဟန်တာသာမွှေးကို ကရင့်တော်လှန်းရေးသမားတွေ ဥက္ကဌကြီးနေရာကို တာဝန်ယူဖို့ ရွေးကောက်တင်မြောက်လိုက်တယ်။ ထို့နောက် မန်းဘဇန်ကပင် ဆက်လက်ပြီးဖေါ်ပြထားသည်မှာ ဟန်တာသာမွှေးဟာ တောင်ငူဘက်မသွားခင် မြစ်ဝကျွန်းပေါ်ဒေသမှာ နေသေးတယ်။ အဲဒီအခါမှာ တော်လှန်ရေးအခြေအနေအတွက် ကျွန်တော်တို့နှစ်ယောက် တိုင်ပင်ဆွေးနွေးကြတယ် ။ ဘယ်လိုလုပ်ကြမလဲ။ အခြေနေကလဲမကောင်ဘူး။ တော်လှန်ရေးအခြေအနေကောင်းဖို့ နည်းလမ်းရှာကြဖို့ ပထမ ကျွန်တော်တို့ချမှတ်ထားတဲ့ (CAS (K)Civil affair service (Kaw Thoo lai)အုပ်ချုပ်ရေးမျိုးတော့မဖြစ်ဘူး။ တဗိုလ်တမင်းတွေပေါ် ညီညွတ်မူ့ တွေကွဲပြီးတော့ အခုလို အခြေအနေဆိုးဖြစ်ပေါ်လာရတယ်။ ဒါကြောင့်ကျွန်တော်တို့ တခုခုရှာကြမယ်။ ကရင့်တော်လှန်းရေးအတွက် ထွက်ပေါက်ရှာကြမယ်။ အဲဒီလိုကျွန်တော်တို့နှစ်ယောက် လေ့လာသုံးသပ်လို့ရတယ်။ ယင်းသို့ မန်းဘဇန်က စောဟန်တာသာမွှေးအား တောင်ငူသွား၍ စောဘဦးကြီးနေရာ တွင် ခေါင်းဆောင်မူ့ဆက်ခံရန် တိုက်တွန်းခြင်းမှာ စောဟန်တာသာမွှေးသည် ပညာအုပ်အလုပ်ဖြင့် တောင်ငူနှင့် ညောင်လေးပင်အတွင်း ကျွမ်းကျင်မူ့ရှိသည့် အကြောင်းသည်လည်း ပါဝင်နေသည်။ ဒုတိယလမ်းစဉ်နှင့် စောဟန်တာသာမွှေး ဘဇန်ရေ ကရင့်တော်လှန်ရေးတော့ ကွဲသွားပြီး ဒါပေမဲ့မကွဲအောင်လုပ်ဖို့တော့ အရေးကြီးတယ်။ မင်းနဲ့ငါဒါကို ဝင်ပြီးတော့ ထိန်းသိမ်းပေးရမယ်။ ဒီအကွဲအပြဲတွေကို ခင်ဗျားနှင့် ကျွန်တော်တို့ပြန်ခေါင်းဆောင်ပြီး ဖြေရှင်းရမယ်ဟုပြောကာ ၄င်းမှ သဘောတူ လက်ခံသည်။ (မန်းဘဇန်)နှင့် ကရင့်တော်လှန်းရေးမှ) စောဘဦးကြီးရှိစဉ် မြစ်ဝကျွန်းပေါ်ဒေသ (KNU_KNDO)ကို စောဟန်တာသာမွှေးနှင့် မန်းဘဇန်တို့သည် ပူးတွဲခေါင်းဆောင်ခဲ့ကြသည်။ စောဘဦးကြီးကျဆုံးသည့်နောက်တွင်လည်း (၁၉၅၃)ခုနှစ် စောဟန်တာသာမွှေး (KNU)အရှေ့တိုင်းသို့မသွားမီအထိ KNU တခုလုံး သူတို့နှစ်ဦးပင် ခေါင်းဆောင်ခဲ့ကြသည်။ စောဟန်တာသာမွှေးနှင့် မန်းဘဇန်တို့သည် မအူပင်တွင် ပညာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းနေရမှ အမျိုးသားနိုင်ငံရေးလောကသို့ အတူတကွ ဝင်လာကြသူနှစ်ဦးပင်ဖြစ်သည်။သို့ရာတွင် သူတို့နှစ်ဦးသည် ပုဂ္ဂိုလ်ရေးအရ နိုင်ငံရေးအရ ခွဲမရအောင် ရှိခဲ့သူနှစ်ဦးလည်းဖြစ်သည်။ သို့ရာတွင် KNU ၏ ဒုတိယလမ်းစဉ် ကြောင့်ခေါင်းဆောင်များသည်လည်း ကွဲခဲ့ကြရသည်။ နောက်ဆုံးတွင် စောဟန်တာသာမွှေးနှင့် သူ၏ နောက်လိုက်များသည် ၁၉၆၃-၆၄ခုနှစ်တွင် ငြိမ်းချမ်းရေးအကြောင်းပြချက်နှင့် ဥမဒေအတွင်းသို့ ပြန်ဝင်ခဲ့ကြလေသည်။ အထူးသဖြင့် ၁၉၅၁ခုနှစ် ဖဆပလ အစိုးရ၏ နိုင်ငံရေး စစ်ရေးထိုးစစ်ကြောင့် KNUမှာ အကြပ်အတည်း အထွတ်အထိပ်သို့ ရောက်ရိုနေစဉ် မူလအမျိုးသားရေးလမ်းစဉ်အဖြစ် သွား နေရာမှ ကေအဲန်ယူသည် ယင်းအကြပ်တည်းများမှ လွတ်မြောက်နိုင်စေရန် နိုင်ငံရေးလမ်းစဉ် တရပ်ကို ရှာဖွေခဲ့ကြလေသည်။ ယင်လမ်းစဉ်သည် ကေအဲန်ယူ၏ ဒုတိယလမ်းစဉ်ဖြစ်သည် ယင်းဒုတိယလမ်းစဉ်ကို ၁၉၅၁ခုနှစ်၌ ဝါးခယ်မမြို့နယ်အရှေ့ခြမ်း မြဂိုချောင်းအတွင်းရှိ ပရိုက်သောင်တန်းရွာတွင် ခေါင်းဆောင်းများ စုံညီချမှတ်ခဲ့သည့် လမ်းစဉ်လည်းဖြစ်သည်။ ယင်းဒုတိယလမ်းစဉ်ချမှတ်သောညီလာခံကို ကရင့်ဘာသာအားဖြင့် ဝန့်ထောင် ကွန်ဖရင့် ရွှေမြို့တော်ကွန်ဖရင့်ဟူ၍လည်းခေါ်သည်။ ကေအဲန်ယူအလှည့်အပြောင်းတခုဖြစ်သော ဒုတိယလမ်းစဉ်ကို အစပျိုးချမှတ်ခဲ့ခြင်းနှင့် ပါတ်သက်၍ မန်းဘဇန်က အောက်ပါအတိုင်းဖော်ပြထားလေသည်။ ဟန်တာသာမွှေးက ကဲစမ်းကြည့်တာပေါ့ မဖြစ်ရင်လည်းမဖြစ်ဘူး ဖြစ်ရင်လည်းဖြစ်သလို ဆက်လုပ်မယ် ဒီလိုဆိုရင်ကောင်းပြီးဆိုပြီးတော့ ဒုတိယလမ်းစဉ်လို့ အမည်ပေးလိုက်တယ်။ ကရင့်တော်လှန်ရေးလမ်းစဉ် (ဒုတိယလမ်းစဉ်)လို့ အမည်ပေးလိုက်တယ် ၁၉၄၉ခုနှစ်က လက်နက်ကိုင်တော်လှန်ရေးစတော့ ကရင်ပြည်နယ်ရရှိရေးနှင့် ကရင့်အမျိုးသား လွတ်မြောက်ရေးလောက်သာ သိခဲ့ကြသည်။ လမ်းစဉ်လုပ်ငန်းစဉ်တွေ တိတိကျကျချမှတ်ထားခြင်း မရှိခဲ့ဘူး။ ယင်းဒုတိယလမ်းစဉ်ချမှတ်ခြင်းကြောင့် မူလ ကေအဲန်ယူ ၏သီးခြားကရင်ပြည်နယ်ထူထောင်ရေးမှ ပြည်ထောင်စုအတွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကရင်ပြည်နယ်ထူထောင်ရေးဆီသို့ ပြောင်းလဲသွားလေသည်။ ဒုတိယလမ်းစဉ်နှင့် အဆင့်ဆင့် စောဟန်တာသာမွှေးနှင့် သူခေါင်းဆောင်သော ကေအာစီခေါ် ကရင့်တော်လှန်းရေးကောင်စီ အဖွဲ့ဝင်များသည် ၁၉၆၃ခုနှစ် ဗိုလ်ချုပ်နေဝင်း၏ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးရသည်ဆိုကာ ဥပဒေအတွင်းပြန်ဝင်လာသည်။ ထိုမှ ငြိမ်းချမ်းရေးအောင်မြင်မှု အခမ်းအနားတရပ်အနေဖြင့် ၁၉၆၄ခုနှစ် မတ်လ၂၂ရက်နေ့ညတွင် စောဟန်တာသာမွှေးသည် မြန်မာ့အသံမှနေ၍ အထက်ပါ ကေအဲန်ယူ၏ ဒုတိယလမ်းစဉ်နှင့်တကွ အဆင့်ဆင့်သောနည်းလမ်းများကို ဝေဖန်ပြောကြားသွားသည်။ ဘုရားလမ်းစဉ် ကရင့်တော်လှန်ရေးမှာ လွန်ခဲ့သည့် ၁၅နှစ်က ပေါ်ပေါက်ခဲ့ရာ ကျော်လွန်ပြီးဆုံးသွားခဲ့သော အချိန်ကာလကို ပြန်လည်သုံးသပ်သည့်အခါ ဘုရားသခင်၏ပို့ဆောင်ခြင်းကို ခံခဲ့ရကြောင်း ကျွန်တော်တွေ့ရပါတယ်။ ကျွန်တော်တို့လက်နက်အင်အားနှင့် အစိုးရ၏လက်နက်အင်အား ကွာခြားစေကာမူ ၁၅နှစ်အတွင်းဖြစ်ပေါ်ခဲ့သော တိုက်ပွဲများ၌ အထိအခိုက်နည်းပါးတာ တွေ့မြင်ရပါတယ်။ တိုက်ပွဲတွင် ကျဆုံးသူစာရင်းမှာ ကျွန်တော်တို့အချင်းချင်း သတ်ဖြတ်ခြင်းနှင့် အနာရောဂါကြောင့် သေဆုံးခြင်းစာရင်းထက်နည်းပါသည်။ ဤကဲ့သို့ ဖြစ်ခြင်းကြောင့် ဘုရားဂုဏ်ကျေးဇူးကို ချီးမွမ်းပါသည်။ လွန်ခဲ့သည့် (၁၅)နှစ်ကာလ တော်လှန်ရေးကို ပြန်လည်သုံးသပ်ကြည့်ပါက အချိန်အခါ အားဖြင့် (၄)ပိုင်းခွဲးခြားနိုင်ပါသည်။ (က) ၁၉၄၉-၁၉၅၂ (အနောက်လက်ျာလိုက်သည့်ကာလ) ( ခ) ၁၉၅၃-၁၉၆၀ (အရှေ့ လက်ဝဲလိုက်သည့်ကာလ) ( ဂ) ၁၉၆၁-၁၉၆၄ (ဓမ္မဟောင်းကျမ်းအရ ဘုရားလမ်းစဉ်နှင့်) (ဃ) ၁၉၆၄-မှ ရှေ့ သို့ ဘုရားလမ်းစဉ်ကို ပြည့်စုံစေသည့် ခရစ်တော်လမ်းစဉ် ဟူ၍ဖြစ်ပါသည်။ စောဟန်တာသာမွှေးသည် ဆက်လက်၍ ပထမလမ်းစဉ်နှင့် ဒုတိယလမ်းစဉ်ကိုလည်း အောက်ပါအတိုင်းသုံးသပ်လေသည်။ ၁၉၄၉-၁၉၅၂ ပထမကာလအတွင်း အနောက်တိုင်းသားများ၏ တိုက်ခိုက်ရေးလမ်းစဉ် လူထုစည်းရုံးရေးများကို အမှီသဟဲပြု၍ အနောက်တိုင်းသားများထံမှ အကူအညီရရှိရန်လမ်းရှာ ခဲ့ပါသည်။ ၄င်းလမ်းစဉ်ပြန်လည်သုံးသပ်သည့်အခါ ဘုရားသခင်၏ အလိုတော်မကျကြောင်းထင်ရှားသဖြင့် ကျွန်တော်တို့၏ ခေါင်းဆောင်ကြီးစောဘဦးကြီးနှင့် စန်းကေတို့ သည် မျက်နှဖြူများနှင့် တွေ့ဆုံရန်အတွက် ခရီးထွက်ခွာသွားရောက်စဉ် လမ်းခရီးတွင် ကျဆုံးခဲ့ရပါသည်။ ၄င်းနောက် တရုပ်ဖြူတို့ကို လက်ခံခဲ့ပါသည်။ ကျွန်တော်အတွက် အကူအညီမရသည်သာမက အစီအစဉ်ကို ရှုပ်ထွေးစေပါသည်။ နောက်ဆုံးအစီအစဉ်အရ ဘန်ကောက်မြို့တွင် ကိုယ်စားလှယ်တစ်ဦး သွားရောက်ထားရှိရာတွင်လည်း ငွေများပိုကုန်ကျပြီး ခေါင်းဆောင်းအချင်းချင်းသ ဘောကွဲလွဲခဲ့ရပြန်ပါသည်။ လက်ဝဲလမ်းစဉ် စောဟန်တာသာမွှေးသည် ပထမလမ်းစဉ်ကို လက်ျာလမ်းစဉ်အဖြစ် အမည်ပေးဝေဖန်ပြီးနောက် ဒုတိယလမ်းစဉ်ကိုမူ လက်ဝဲလမ်းစဉ်အဖြစ်သတ်မှတ်ကာ အောက်ပါအတိုင်း ဆက်လက်ဝေဖန်ထားပြန်လေသည်။ သို့အတွက်ကြောင့် ၄င်းလမ်းစဉ်ကို စွန့်လွတ်ပြီး ဒုတိယကာလတွင် လက်ဝဲအနီလမ်းစဉ်အရ ဆောက်ရွက်ရာ စတင်သည့်နေမှ စ၍ အချိန်ကြာညောင်းလာသည်နှင့် လူထုကိုထိခိုက်လာကြောင်းကို တွေ့ရပါသည်။ အစတွင် အလွန်ကောင်းပါသည်။ လူထုများက အခွင့်အရေးပိုမိုရရှိလာသဖြင့် ကျွန်တော်တို့ အားအကူအညီပိုမိုပေးနိုင်ပါသည်။ အချိန်ကြာမြင့်လာသည့်အခါ ၄င်းဝါဒလမ်းစဉ်သည် လူငယ်တို့ကို လွမ်းမိုးကာ လူထုများကိုလည်း ဝါဒလမ်းစဉ်အတွင်းသို့ အတင်းသွတ်သွင်းခဲ့ပါသည်။ အခြေအနေရှုပ်ထွေးလာ၍ အချောင်သမားများ၏ ပြုမူချက်အရ အနည်းငယ်လုပ်ကိုင်စားသောက်နိုင်သူများ၏ လယ်မြေများသည် အတင်းအားဓ မ္မသိမ်းယူ ခွဲဝေခြင်းခံရသည်သာမက ပစ္စည်းအတော်အသင့်ရှိသူ အမျိုးနွယ်ခေါင်းဆောင်များပင် အထင်အမြင်သေးခံရ၍ ရန်သူအဖြစ် သတ်မှတ်ခြင်းခံရပါသည်။ ကျွန်တော်ကိုယ်တိုင်ပင် ကိုယ်ပိုင်ငွေဆယ်ကျပ် မြေတဧကမျှ မပိုင်ဆိုင်သော်လည်း ယိမ်းယိုင်သေားအမျိုးသား ဓနရှင်တစ်ဦးဟုဆိုပြီး အနားပေးရန် ရည်ရွယ်ကြပါသည်။ လမ်းစဉ်ကို သွေဖီသည်ဟု ပြောဆိုခြင်းကြောင့် ကျွန်တော်တို့အတွင်း သဘောကွဲလွဲမှု ပေါ်ပေါက်လာခဲ့ရပါသည်။ ရွေစာငွေစာ စောဟန်တာသာမွှေးသည် သူနှင့်သူ့အဖွဲ့ဝင် ကေအာစီများ ဥပဒေတွင်း ပြန်ဝင်ရောက်လာခြင်း ကို ဗိုလ်ချုပ်နေဝင်းအစိုရက တော်လှန်ရေးကောင်စီနှင့် သူ၏ ကေအာရ်စီ တို့ငြိမ်းချမ်းရေးရရှိ သည်ဟု ကြေငြာသည်။ ယင်းကိုပင် သူက ဓမ္မတာဟောင်းနှင့် ဓမ္မတာကျမ်းအရ ရွှေစာ၊ ငွေစာ လမ်းစဉ်အဖြစ် မြန်မာ့အသံတွင် ဆက်လက်၍ ထုတ်ဝေသွားခဲ့လေသည်။ သဘောထားကွဲလွဲမြှု ဖစ်ပေါ်ပြီးသည့်နောက် တတိယကာလဖြစ်သော ၁၉၆၀-၁၉၆၄ ခုနှစ်ကာလအတွင်း ကေအာရ်စီ ဓမ္မဟောင်းကျမ်းအရ ဘုရားလမ်းစဉ်ကို ပြန်လိုက်ကြပါသည်။ ဘုရား၏ ရွေးကောက်ခြင်းခံရသော က္ကသရေလ (အစ္စရေး)မျိုးတို့တွင် တိုင်းပြည်နှင့် ပြန်လည် လွတ်လပ်ခွင့် ပြန်လည်ရရှိရန် ၄င်းတို့၏ အားပညတ်တရားများ ချမှတ်ပေးသည်သာမက တရားသူကြီး ပရောဖက်များ သွန်သင်ဆုံမခြင်း ဘုရား၏ ဆုံမခြင်းကို ခံရပါသည်။ ဘုရားသခင်သည် ကျွန်တော်တို့ သင်ခန်းစာရယူနိုင်ရန်အတွက် အဖိုးတန်တရားတော်များကို ချမှတ်ပေးသည့်အတွက် ဘုရားကို ချီးမွမ်းရန်လိုပါသည်။ ဓမ္မသစ်နှင့် ဓမ္မဟောင်းကျမ်းနှင့် ရှေ့လူကြီးတို့ ရွှေစာနှင့်ငွေစာသည် တစ်ခုတည်းပေါင်းထားသည်အလျောက် ဓမ္မသစ်ကျမ်းကိုပါ လက်ကိုင်ထားရပါသည်။ ၁၉၆၄ခုနှစ်မှ ရှေ့သို့ချီတက်ရာတွင် ရွေစာနှင့်ငွေစာ (ဓမ္မသစ်နှင့်ဓမ္မဟောင်းကျမ်း)ညွန်ပြသည့်အတိုင်း ချီတက်ရမည်။ ဓမ္မဟောင်းကျမ်းတွင် အမျိုးသာတော်လှန်ရေးအတွက် လမ်းညွန်ပြ၍ ဓမ္မသစ်ကျမ်းမှာမူ စားဝတ်နေရေးအတွက် လမ်းညွန်ပေးနေပါသည်။ စသဖြင့် စောဟန်တာသာမွှေးသည် သူ၏လမ်းစဉ်ကို မြန်မာ့အသံမှတဆင့် အကျယ်တဝင့် တင်ပြသွားလေသည်။ ထိုစဉ်က တော်လှန်ရေးကောင်စီ စစ်အစိုးရသည် မုဆိုးကော်ကဆာဟန်တာသာမွှေးနှင့် သူ၏ကေအာရ်စီအား ဆုချသည့်အနေနှင့် စောဟန်တာသာမွှေး တောင်းဆိုသည့်အတိုင်း ကရင်ပြည်နယ်ကိုကော်သူလေးအနေဖြင့် အမည်ပြောင်းပေးခဲ့သည်။ သို့ရာတွင် ၁၉၇၄ခုနှစ်ဖွဲစည်းပုံအခြေခံဥပဒေအတွက် ဆန္ဒခံပွဲကျင်းပသောအခါ အများ၏ဆန္ဒအရ တဖန်ကော်သူလေးမှ ကရင်ပြည်နယ်အမည် ပြန်ဖြစ်သွားလေသည်။ စောဟန်တာသာမွှေး၏ ကေအာရ်စီ အဖွဲ့ဝင်တစ်ဦးဖြစ်သော ပဒို ဘထွန်းမှာ ကော်သူလေးဦးစီးအဖွဲ့ဖြစ်လာ၍ စောဟန်တာသာမွှေးမှာ ရန်ကုန်ပြည်လမ်းရှိ ပညာရေးသုတေသန ဗျူရို တွင် ပညာရေးအထူးအရာရှိဖြစ်လာသည်။ စောဟန်တာသာမွှေးခေါင်းဆောင်၍ ကေအာရစီအဖွဲ့ဝင်များ ဥပဒေတွင်ပြန်ရောက်လာရာတွင် လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ တပ်မဟာ (၃)နှင့် တပ်မဟာ (၅)တပ်မူးများလည်း ပါဝင်လာကြသည်။ နောက်ပိုင်းတွင် တပ်မဟာ (၅)၏တပ်မူးဖြစ်သူ ဗိုလ်လင်းထင်သည် တောတွင်းသို့ပြန်သွားရန် စီစဉ်နေသည်ဟု စစ်တပ်ကယူဆပြီး လက်ဦးမူရယူကာ ဗိုလ်ထင်လင်းအား အသေဖမ်းဆီးလိုက်သည်။ ဤသို့ဖြင့် ထိုစဉ်ကစောဟန်တာသာမွှေး၏ ကေအာရ်စီနှင့် တော်လှန်ရေးကောင်စီအစိုရတို့၏ သဘောတူညီချက်များ အဆုံးသပ်သွားသည်ဟုလည်း အဆိုရှိသည်။ တပို့တွဲလဆန်းတစ်ရက် ကရင့်နှစ်သစ်ကူး စောဟန်တာသာမွှေးသည် ပညာရေးလောကသားတစ်ဦးဖြစ်၍ သူ၏ ဥပဒေအတွင်းသို့ ပြန်ရောက်လာသောအခါ ၁၉၃၈ခုနှစ်မှ အစပြု၍ တရားဝင်ကျင်းပလာခဲ့သော ပြာသိုလဆန်းတစ်ရက် ကရင့်နေသစ်ကူးနေ့အစား တပို့တွဲလဆန်း တစ်ရက်နေ့တွင် ပြောင်းလဲကျင်းပရန် အပြင်းအထန်လှုံ့ဆော်၍ ကြိုးပမ်းခဲ့လေသည်။ သို့ရာတွင် ဥပဒေအတွင်း၌ ရှိနှင့်နေပြီးဖြစ်သော ကရင်အဖွဲ့အစည်းများ ကရင်ခေါင်းဆောင်းများနှင့် ကရင့်လူထုက အကြောင်းအချက်နှစ်ရပ်ဖြင့် တင်းခံနေခဲ့ကြလေသည်။ ပထမအကြောင်းမှာ နှစ်ပေါင်းနှစ်ဆယ်ကျော် သုံးဆယ် ပြာသိုလဆန်းတစ်ရက်နေ့တွင် ကျင်းပလာခဲ့သော ကရင့်နှစ်သစ်ကူးနေ့ကို တပို့တွဲလဆန်းတစ်ရက်နေ့သို့ ပြောင်းရွေ့ကျင်းပ ရာမှ အငြင်းပွားမူ့များဖြစ်လာ၍ ထိုစဉ်က အစိုးရမှ ရပ်ဆိုင်းပစ်မည်ကို အလိုမရှိကြောင်း ဒုတိယအကြောင်းမှာ စောဟန်တာသာမွှေး၏ ကေအာရ်စီနှင့် တော်လှန်ရေးကောင်စီအစိုးရတို့၏ ငြိမ်းချမ်းရေးသဘောတူညီချက်သည် မြန်မာနိုင်ငံအတွက် ပြည့်စုံသော ငြိမ်းချမ်းရေးကို မရနိုင်သည့်အပြင် ကရင့်အမျိုးသားများ၏ အမျိုးသားရေးအလိုဆန္ဒကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု မယုံကြည်ကြသောကြောင့် ထိုသို့ တင်းခံနေကြခြင်းဖြစ်သည်။ စောဟန်တာသာမွှေးသည် ပညာရေးလုပ်ငန်းတွင် ဝါသနာထက်သန်သူဖြစ်၍ ပထမ နေ့တွင် နေဝင်၊ နေထွက်နှင့် လဝန်း၊ လထွက်ကို အကြောင်းပြု၍သူ၏ သုတေသန ပြုချက်များအပေါ် ၁၃ လပြက္ခဒိန်တခုကို ထုတ်ဝေခဲ့သည်။ ထိုမှ အရှေ့တိုင်းသားများဖြစ်ကြသော တရုတ်ဗီယနမ် လူမျိုးများ၏ တပို့တွဲလတွင် ကျရောက်သော နှစ်သစ်ကူးကျင်းပပုံများကို ထောက်ပြသည် သူသည် ကရင့်နှစ်သစ်ကူးနေ့ကို ကျင်းပသင့်ကြောင်း သုတေသန ပြုချက်အပေါ်တွင် ၁၉၈၀-၈၁ နှစ်သို့ ရောက်သောအခါ မန်းဘဆိုင်က သူ၏ ပြာသိုလဆန်းတရက် ကရင့်နှစ်သစ်ကူးနေ့ သုတေသန ပြုချက်စာတန်းကို ကရင့်ပြက္ခဒိန်တွင် ထည့်သွင် ပြန်လည်ခြေပခဲ့လေသည်။ အတန်ကြာလျှင် စောဟန်တာသာမွှေး၏ တပို့တွဲလဆန်းတစ်ရက် ပြာသို့လဆန်းတစ်ရက် ကရင့်နှစ်သစ်ကူးနေ့သည် ကရင်လူထုလက်မခံသောကြောင့် နောက်သို့ပြန်ဆုတ်သွားရပြီး ပြာသိုလဆန်းတစ်ရက် ကရင့်နေ့သည်သာ ဗိုလ်နေမြဲကျားနေမြဲ ပြန်ဖြစ်သွားသည်။ အသက်၇၀ကျော် ဟန်တာသာမွှေးသည် လူကြီးရောဂါဖြင့် အနောက်ပိုင်းဆေးရုံ၌ ဆေးဝါးကုသခြင်းခံယူခဲ့ရသည်။ သိုရာတွင် မည်သည့်နိုင်ငံတော်၏ ကူညီပံ့ပိုးမူ့ကိုမှမရဘဲ မိမိ၏စရိတ်ဖြင့် မိမိဆေးဝါးကုသခံရခြင်းဖြစ်သည်။ ကျွန်တော်သည် မုဆိုးကော်ကဆာဟန်တာသာမွှေးအား နောက်ဆုံးဂါရဝပြုခြင်းအနေဖြင့် အနောက်ပိုင်းဆေရုံတွင် သူအားသွားတွေ့ခဲ့သည်။ ဤသို့ဖြင့် မုဆိုကော်ကဆာဟန်တာသာမွှေးသည် အင်းစိန် ကြိုးကုန်းနေအိမ်တွင် ကွယ်လွန်သွား၏ ဈာပနအခမ်းအနားကို ပြင်ဆင်ပြသရာတွင် ထိုစဉ်က စာပေစီစစ်ရေးက ခွင့်မပြုခဲ့သော ကျွန်တော်၏ မုဆိုကော်ကဆာဟန်တာသာမွှေး အတ္ထုပတ္တိစာမူကို စေယဟန်တာသာမွှေး၏ ဦးခေါင်းရင်းထိတ်တွင် ပြသထားလေသည်။
မန်းဆိုးကမို ဘလော့မှ ကူးယူသည်
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment