Saturday, August 25, 2012

ဆေးရုံတက် ကုသမှု ခံယူခဲ့ရသူ ဦးဝိဇန(ရမ်ဘိုဘုန်းကြီး)၏ ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်လာ


အဲခေါင်သောင့်၊ သြဂုတ်လ ၂၆ရက်၊ ၂၀၁၂ခုနှစ်။
လွန်ခဲ့သည့် အပတ်က ကျန်းမာရေး အခြေအနေကြောင့် မဲဆောက်ဆေးရုံတွင် ကုသမှု ခံယူခဲ့ရသူ ကရင့် ဘုန်းတော်ကြီး ဆရာတော် ဦးဝိဇနခေါ် ရမ်ဘိုဘုန်းကြီး၏ ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်လာပြီဟု စုံစမ်းသိရှိရသည်။

 ကျန်းမာရေး အခြေအနေကောင်းမွန်လာပြီ ဖြစ်သည့်အတွက် ဆရာတော်သည် အဆိုပါ ဆေးရုံမှ ယနေ့ ဆင်းခွင့် ရတော့မည်ဟုလည်း ဆရာတော်၏ ဆွေမျိုးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

 ကရင့်တော်လှန်ရေး အခမ်းအနားတခုတွင် တွေ့မြင်ရသည့် ဦးဝိဇန(ရမ်ဘိုဘုန်းကြီး)
သက်တော် ၇၃နှစ်ရှိပြီ ဖြစ်သည့် ဆရာတော်သည် လွန်ခဲ့သည့် အပတ်က သွေးတိုး၊ ကျောက်ကပ်စသည့် ရောဂါတွေကြောင့် အရေးပေါ် ဆေးကုသခံယူခဲ့ရပြီး ယခု ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီ ဖြစ်သည့်အတွက် သီတင်းသုံးရာကျောင်းတွင် ပြန်လည်အနားယူမည် ဖြစ်သည်။

ယခင်က ဆရာတော်သည် ကျန်းမာရေး အထူးကောင်းမွန်သူ တဦးဖြစ်ပြီး ဆေးရုံတက် ဆေးဝါး ကုသခံရမှု မရှိသလောက်ပင် ရှိသဖြင့် ယခုလို ဆေးရုံတက် ဆေးးဝါး ကုသမှု ခံယူခဲ့ရခြင်းသည် ပထမဦးဆုံး အကြိမ်ပင် ဖြစ်သည်ဟုလည်း ဆွေမျိုးအသိုင်းအ၀ိုင်းများ၏ ပြောဆိုချက် အရ သိရှိရသည်။

အဆိုပါ ဆေးဝါးခံယူနေစဉ်အတွင်း ၆ရက်ခန့် မေ့မြောခဲ့ရပြီး ယခုအခါ လမ်းလျှောက် စကားပြန်လည် ပြောဆိုလာနိုင်ကာ ကျန်းမာရေး အခြေအနေ ပြန်လည် ကေင်းမွန်လာပြီ ဖြစ်သဖြင့် ဆေးရုံမှ ဆင်းခွင့် ပေးလိုက်ခြင်း ဖြစ်သည်။

အင်းရှည်ဆရာတော် (သို့မဟုတ်) ရမ်ဘိုဘုန်းကြီးဟု နာမည်ကြီးသည့် ဦးဝိဇနသည် ကရင့်တော်လှန်ရေးကို အစဉ်သဖြင့် အားပေး ထောက်ခံခဲ့သူ ဖြစ်ပြီး ကရင့်လက်နက်ကိုင် တပ်ဖွဲ့ အချင်းချင်း ပြန်လည်သင့်မြတ်ရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။  

ယခုနှစ် မတ်လ နောက်ဆုံးပတ်က ဆရာတော် ဦးဝိဇနနှင့် အတူ့ တခြားကရင့် ဘာသာရေးခေါင်းဆောင်များက ကရင့်လက်နက်ကိုင် တပ်ဖွဲ့များ အားလုံး ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲတခုကို ကမကထ ပြုလုပ်နိုင်ခဲ့ပြီး အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ကရင့်လက်နက်ကိုင် အဖွဲ့ကြား သဘောတူညီချက် တချို့ကိုလည်း ရရှိခဲ့သည်။

ဦးဝိဇနသည့် လွန်ခဲ့သည့် ၁၉၇၅ခုနှစ်က မာနယ်ပလော ဌာနချုပ်တွင် ကရင့်သံဃနာယက အဖွဲ့ကို ဦးဆောင် ဖွဲ့စည်းနိုင်ခဲ့သည့် ပထမဆုံးအကြိမ် ကော်သူးလေ ကရင့်သံဃာတော်များ အစည်းအဝေး အပြီးတွင် မဆလ၏ ဖမ်းဆီးမှုကိုခံရပြီး အကျဉ်းထောင်တွင် စံမြန်းခံရသူလည်း ဖြစ်သည်။

ထို့အပြင် အကျဉ်းထောင်က လွတ်အပြီး ကရင့်တော်လှန်ရေးနယ်မြေတွင် သီတင်းသုံးနေထိုင်ခဲ့ကာ မာနယ်ပလော ဌာနချုပ် မကျခင် ၁၉၉၄ခုနှစ်တွင် ဒုတိယအကြိမ် ကော်သူးလေ သံဃာတော် အစည်းအဝေးကိုလည်း ပြန်လည် ခေါ်ယူခဲ့သည်။ 

 ၁၉၉၄ခုနှစ် ဒုတိယအကြိမ် ကရင့်သံဃာတော် အစည်းအဝေးတွင် ဦးဝိဇန(အလယ်)နှင့် တက်ရောက်အားပေးခဲ့သူ ဥက္ကဌ ဗိုလ်ချုပ်မြ(ဘယ်ဘက်)




Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment