Wednesday, October 24, 2012

ကေအိုင်စီ ၀က်ဆိုက်ဘ်ပေါ်က ကဗျာဖန်တီးရှင်များ၏ တန်ဖိုး မဖြတ်နိုင်သည့် ကဗျာကောင်းများ

“မာလိန်မှူး အလိုရှိသည်” (ကဗျာ)

အောက်တိုဘာ ၂၂ရက်၊ ၂၀၁၂။(လင်္ကာဒီပ)

ကြမ်းကြမ်းတလှည့် ဖွဖွတခါ
နင်းဝင်လာတဲ့ ခြေသံတွေ
ကချေသည်မလေးရဲ့ မာယာညဉ်
ပဉ္စလက် စက်ကွင်း
ချည်းနင်း မပျော်ဝင်မိစေ
မေခလာရေ….ငါ့လမ်းငါသွားမယ် ဖယ်အုံး။
တရားတဲ့ ဒီခရီးရှည်ထဲ
လမ်းခွဲသွား ညီအစ်ကိုတော်တတွေကို
ငိုယိုမျက်ရည်စမ်းနဲ့ တမ်းတ
နှမျောလှလည်း မတတ်နိုင်ပေဘူး
ခရီးဦး မချိုး မကျိုး
တိုးလို့သာ ဆက်ကူးလိုက်မယ် ဒီခရီး
နီးတလှည့် ဝေးတလှည့် ရှိစမ်းပါစေပေါ့။
ရှေ့နောက်တောင်မြောက် ထက်အောက်ဝဲယာ
လာမယ့် အန္တရာယ်တွေက အများသား
ပါးပါးနပ်နပ် ကိုင်တွယ်ကာကွယ်ပေးနိုင်သူ
မူနဲ့လမ်းစဉ်ကို အာမခံမယ့်လူစား
ဒွိဟ မပွားတတ်တဲ့ ရှေ့ဆောင်
ကြောင်တောင် မယောင်ချာတတ်တဲ့လမ်းပြ
စွမ်းစပြည့် မာလိန်မှူးကောင်း
အင်း…ငါတောင်းတမိတာတော့အမှန်။
ဝီရီယ ဇွဲ လုံ့လ ပညာ
ရတနာကို အချိန်နဲ့ အသုံးချ
အဆုံးအစမမြင် ဒီပင်လယ်ခရီးမှာ
မာလိန်မှုးကောင်းရှိနေသ၍
အကွေ့အဝိုက် အရှိုက်အငင်
ဘယ်လိုပင် ဝဲသြဃထူပြောပါစေ
သေသေကြေကြေ ကူးခပ်ပစ်လိုက်မယ်
လာစမ်းကွယ် လောကဓံတရားများ။
တမျိုးသားလုံးရဲ့ရှေ့ရေး
တွေးတွေးဆဆ ကိုင်တွယ်ထိန်းကျောင်း
မောင်းနှင်မယ် ပင်လယ်ပြင်ဟိုဘက်ကမ်း
လှိုင်းကြမ်း မုန်းတိုင်းတွေရှိမယ်
အပြောကျယ်တဲ့ အဏ္ဏဝါ
မညှာတတ်တဲ့ သဘောလည်း ရှိမယ်
တကယ်ကို အမှားမခံတဲ့ လမ်းမို့
ရွေးကြစို့လေ မာလိမ်မှုးကောင်း
ဇောင်းတင် မောင်းတင်
သောင်းဘဝင် အေးမြစေမယ့် လူစား လူသားသို့။
အောက်တိုဘာ ၂၂ရက်၊ ၂၀၁၂ခုနှစ်

ဖုန်တော (ကဗျာ)

ရွက်ရိပ်(လးယှူး)၊ (ဝင်းရော်မြေ)
• ဖုန်တောထဲမှာ- ခွေးဖြတ်လျှောက်တော့
ခွေးခြေရာထင်။
• ဖုန်တောထဲမှာ- လူဖြတ်လျှောက်တော့
လူခြေရာထင်။
• ခွေးနဲ့ လူအတူသွားတော့
လူခြေရာ ခွေးတက်နင်း၊
ခွေးခြေရာ လူတက်နင်း၊
လူနဲ့ ခွေး၊ ခွေးနဲ့ လူ
အတူတူဖြစ်တော့…….?
ရွက်ရိပ်(လးယှူး)
(ဝင်းရော်မြေ)

မြောင်းကျဉ်းလေး (ကဗျာ)

ရွက်ရိပ်(လးယှူး)၊(ဝင်းရော်မြေ)
• သဲကန္တာရထဲမှာ
ငတ်တစ်လှည့်ပြတ်တစ်လှည့်
ခရီးနှင်ရင်း လမ်းပျောက်
မွဲတေမှုနှင့် ရင်ကော့ရင်း
ကလေးတွေ ငိုယိုသံနှင့် နားယဉ်ပါး၊၊
• နှင်လိုက်တဲ့ ဘဝခရီး
ဦးတည်ချက်တွေ နောက်ပြန်ရောက်
ကျဉ်းမြောင်း ကတ်သတ်ပိတ်ဆို့ တဲ့
လမ်းကျဉ်းလေးမှာ လမ်းပျောက်ရှာရင်း
ဒုက္ခရောက်နေသူတွေအတွက်
အံသြဖို့ ရာ မဟုတ်တော့ပါ၊၊
• တဖိတ်ဖိတ်လင်းလက်
တောက်ပနေတဲ့ ရေပေါ်ဆီတွေအတွက်
ဘုရားသခင် အလိုတော်ဆိုပြီး
စကားဆိုလာကြတယ်၊၊
• တူညီတာတွေစုစည်း
ဘိုးတူဘသား စီးပိုးအားကောင်းတဲ့
တို့ ပတ်ဝန်းကျင် မြောင်းကျဉ်းလေးထဲမှာ
မင်းငါ့ကိုမစောင့်နဲ့ တော့သူငယ်ချင်း
ရွက်ရိပ်(လးယှူး)
(ဝင်းရော်မြေ)

ဖယောင်းတိုင်လေး (ကဗျာ)

အညတြစစ်သည် (ဝင်းရော်မြေ)
• ဖယောင်းတိုင်လေး
မင်းသာဖြူစင်ရိုးသား ဖြောင့်မတ်တည်ကြည်
မှန်ကန်စွာဖြင့်
အများအတွက် အလင်းရအောင်
ထွန်းလင်းတောက်ပစေခဲ့တယ်၊၊
• ဖယောင်းတိုင်လေး
လေစိမ်းလေရိုင်း မုန်တိုင်းကြမ်းစေ
မမှုသေချာ များသူငှာတွက်
မှောင်မိုက်သောလမ်း
အလင်းတန်းဖြာအောင်
ရွက်ဆောင်ပေးနေပါသော်လည်း
မင်းမှာမျက်ရည်စတွေနဲ့ ၊၊
• ဖယောင်းတိုင်လေး
အမှောင်ဖယ်ရှင်း
အလင်းဖြာထွက်
ရက်ဆက်ရှိဖို့ 
မားမားရပ်တည်
မကောင်းမှုတွန်းလှန်
အထွန်းခံသည့် ဖယောင်းတိုင်၊၊
အညတြစစ်သည်
(ဝင်းရော်မြေ)
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment