Saturday, October 13, 2012

KNUခေါင်းဆောင်ပိုင်းအတွင်း အမြန်ဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံကြရန် ကရင်လူထု အခြေပြုအဖွဲ့ က သွားရောက် မေတ္တာရပ်ခံသွားမည်

အဲခေါင်သောင့်၊ အောက်တိုဘာလ ၁၄ရက်၊ ၂၀၁၂ခုနှစ်

KUNအဖွဲ့အတွင်း ဖြစ်ပွားနေသည့် သဘောထား ကွဲလွဲမှုများကို ပြန်လည် ညှိနှိုင်းအဖြေ ရှာရန်အတွက် ခေါင်းဆောင် အချင်းချင်း မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးပွဲ တခု အမြန်ဆုံး ပြုလုပ်ရန် KCBOလို့ခေါ်သည့် ကရင့်လူထု အခြေပြု အဖွဲ့က KNUခေါင်းဆောင်များကို သွားရောက် မေတ္တာ ရပ်ခံသွားမည် ဖြစ်သည်။

ယမန်နေ့က ကျင်းပပြုလုပ်သည့် KCBO၏ ဆွေးနွေးပွဲတွင် ယခုလို ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပြီး သွားရောက် မေတ္တာရပ်ခံရန် ဒေါက်တာ စင်သီယာမောင် အမှူးပြုပြီး ကိုယ်စားလှယ် ၁၃ဦးကို  ရွေးချယ်ခဲ့ကြသည်ဟု သိရသည်။

 ယမန်နေ့က ကျင်းပပြုလုပ်သည့် KCBOဆွေးနွေးပွဲ၊ (ဓါတ်ပုံ-KIC)

ကေအဲန်ယူ အဖွဲ့အတွင်း ဖြစ်ပွားခဲ့သည့် တင်းမာမှုတွေ ပြေလည်မှု ရရှိပြီဟု သတင်းများ ထွက်ပေါ်နေသော်လည်း ထိပ်ပိုင်း ခေါင်းဆောင်အချင်းချင်း မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်မလာသေးသည့်အပေါ် ကရင်တမျိုးသားလုံးက စိုးရိမ်ပူပန်ကြသည့်အတွက် ယခုလို သွားရောက် မေတ္တာရပ်ခံရန် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ တဦး၏ အဆိုအရ သိရသည်။

လွန်ခဲ့သည့်လ ၂၉ရက်နေ့က ဖားအံတွင် ဆက်ဆံရေးရုံး သွားရောက် ဖွင့်လှစ်ခဲ့အပြီး အဖွဲ့ စည်းမျှည်း စည်းကမ်းကို ချိုးဖောက်သည်ဟု ဆိုကာ ကေအဲန်ယူဗဟိုက ထိပ်ပိုင်း ခေါင်းဆောင် ၃ဦးကို ထုတ်ပယ်အပြီး ကေအဲန်ယူ ခေါင်းဆောင်ပိုင်းအတွင်းတွင် တင်းမာမှုတွေ ဖြစ်ပွားလာခဲ့သည်။

အဆိုပါ တင်းမာမှုတွေ အပေါ် နားလည်မှု ပြန်လည်ရရှိအောင် တပ်မဟာ ခရိုင်အဆင့် ခေါင်းဆောင်တွေက ပြန်လည်ကြိုးစား ညှိနှိုင်းခဲ့ကြရာတွင် ပြေလည်မှုတွေ ပြန်လည် ရရှိပြီဟုလည်း သိရသည်။

တပ်မဟာ ၅ တပ်မဟာမှူးနှင့် တပ်မဟာ ၃တပ်မဟာမှူးတို့ကို
 တပ်မဟာ ၅ ထိမ်းချုပ်နယ်မြေမှာ တွေ့ရစဉ်

ယခုလ ၁၁ရက်နေ့က ပဒိုစောကွယ်ထူးနှင့် ဗိုလ်မှူး စောတူးတူးလေးတို့က KNLAတပ်မဟာ ၅ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဘောကျော်ဟဲနှင့် တပ်မဟာ ၃ တပ်မဟာ မှူး ဗိုလ်မှူးချုပ် စောအယ်ကလူ သိန်းတို့ကို   သွားရောက် တွေ့ဆုံခဲ့ပြီး ဗဟိုကော်မတီ အစည်းအဝေး ဖြစ်မြောက်ရေးအတွက် လုပ်ငန်းစဉ်များကို ချမှတ်လုပ်ဆောင်ရန် သဘောတူညီမှု ရရှိခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်သည့် ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဗဟိုကော်မတီ အစည်းအဝေး ကျင်းပမည့်နေရာနှင့် အချိန် သတ်မှတ်နိုင်ရန်  သထုံ၊ တောင်ငူ ၊ ညောင်လေးပင်၊ ဖာပွန်မှ ခရိုင်ဥက္ကဌများ၊ ဗဟိုကော်မတီဝင် စောသမိန်ထွန်းနှင့် ပဒိုစောသောသီတို့ကို  ဖားအံခရိုင်ဥက္ကဌ ပဒို စောအောင်မော်အေး၊ တပ်မဟာ ၇မှူး ဗိုလ်မှူးချုပ်စောဂျော်နီနှင့် အခြား ဗဟို ကော်မတီဝင်များကို သွားရောက် တွေ့ဆုံရန် ကေအဲန်ယူ ဗဟိုမှ တာဝန်ပေးအပ်လိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် တင်းမာမှု ဖြစ်ပွားနေသည့် အဓိက ထိပ်ပိုင်း ခေါင်းဆောင်ကြီးများ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မလာသေးသည့်အပေါ် ကရင်လူထုတရပ်လုံးက အထူးစိုးရိမ်ပူပန်မှုများ ရှိနေကြဆဲပင် ဖြစ်ကြောင်းနှင့် ယခုလို KCBO၏ လုပ်ဆောင်ချက်အပေါ် ပြည်တွင်း ပြည်ပ ကရင်များက အထူးစိတ်ဝင် တစား ကြိုဆိုခဲ့ကြသည်။

KCBO အဖွဲ့ကို ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် လူငယ်၊ အမျိုးသ
မီး၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြား လူမှုရေးကို အခြေခံ ဖွဲ့စည်း ထားသည့် ကရင်လူမှုအဖွဲ့ ၃၀ကျော်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။


Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment