အတိုက်အခံလုပ်စရာ မလိုတော့ဘူးတဲ့လား
(ဦးဝင်းတင်နဲ့ မေးခွန်းများ)
မိုးမခ၊ ဧပြီ ၁၅၊ ၂၀၁၃
၂၀၁၃ ဧပြီလ သင်္ကြန်အချိန်ဆိုတာ ကြားဖြတ်ရွေးကောက်ပွဲ ၁ နှစ် ပြည့်မြောက်တဲ့ အချိန်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီ ၂၀၁၂ ဧပြီလ ၁ ရက်နေ့မှာ ကြံ့ဖွံ့အစိုးရ ကျင်းပပေးတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရပြီးတဲ့နောက် ၁ နှစ်အကြာမှာ တိုင်းပြည်ဟာ အပြောင်းအလဲ အများအပြားကို ဖြတ်သန်းခဲ့ပြီ ဖြစ်ပါတယ်။ အနောက်အုပ်စု နိုင်ငံများရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ လျော့ကျသွားတာ၊ ပြည်တွင်း ပြည်ပ ကူးလူးဆက်ဆံမှုတွေ တိုးမြင့်လာတာ၊ နိုင်ငံရေးအကျဉ်းသားတွေ အတော်များများ လွတ်မြောက်လာပြီး ပြည်တွင်းမှာ လွတ်လပ်စွာ ပြောဆို ရေးသား ဖြန့်ချိ လှုံ့ဆော်ခွင့်တွေ ပိုမိုရရှိလာတာ စသဖြင့် အပြောင်းအလဲတွေ အများအပြားဖြစ်လာပါတယ်။ ထို့အတူမှာပဲ ပြည်တွင်းစစ်တွေ တိုင်းရင်းသားဒေသများမှာ ဆက်လက်ဖြစ်ပွားခြင်း၊ လူမျိုးရေး ဘာသာရေး အဓိကရုန်းများ ဖြစ်ပွားခြင်း၊ အလုပ်သမား၊ လယ်သမားများရဲ့ စားဝတ်နေရေး လှုပ်ရှားလုပ်ကိုင်ခွင့်များ အငြင်းပွားခြင်း၊ မြေယာနဲ့ လုပ်ပိုင်ခွင့်ပြသနာများ ဖြစ်ပွားခြင်း စတာတွေကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ အစိုးရနဲ့ အပေါင်းအပါများ၊ လုပ်ငန်းရှင်များ၊ အချို့သော အတိုက်အခံပါတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက အခုလက်ရှိအချိန်မှာ အတိုက်အခံလုပ်နေကြမယ့်အစား တိုင်းပြည်ထူထောင်ရေး၊ ပြုပြင်ပြောင်းလဲရေးမှာ ပူးပေါင်း ဆောင်ရွက်ကြဖို့ အချိန်ဖြစ်ကြောင်း လက်တွဲလုပ်ကြမှ ဖြစ်ကြောင်း ပြောကြားကြ၊ ဟောပြောကြ၊ စည်းရုံးရေး ထွက်ကြ စတာတွေ လုပ်နေတာနဲ့ ပတ်သက်ပြီး ဆရာဦးဝင်းတင်ကို မေးမိတဲ့ မေးခွန်းက အတိုက်အခံလုပ်စရာ မလိုတော့ဘူး တဲ့လား ဆိုတာ ဖြစ်ပါတယ်။
ပထမမေးခွန်းကတော့ အခုပြောနေတဲ့ အပြောင်းအလဲဆိုတာ ဘာတွေ ပြောင်းလဲသွားတာလို့ ပြောမလဲ။
ကျနော်ပြောရရင်တော့ အခုသူများတွေပြောနေတာတနဲ့ တူမှာ မဟုတ်ဘူး။ ခုချိန်မှာဖြစ်နေတဲ့ အပြောင်းအလဲဆိုတာတွေက ဟန်ပြလုပ်နေတာပဲ။ စစ်လက္ခဏာတွေ ဘာမှ ပြောင်းတာ မရှိဘူး။ စစ်တပ်ကြီး ရှေ့မှာ စစ်တပ်အသိုင်းအသိုင်းတွေ ရှိတယ်။ လွှတ်တော်ကြီး ရှိတယ်။ အခု အာဏာရထားတဲ့သူတွေကလည်း စစ်အာဏာရှင်ဟောင်းတွေပဲ။ ပြီးတော့ သူတို့ပတ်ဝန်းကျင်မှာ ခရိုနီတွေ၊ စစ်အာဏာရှင် ကျောထောက်နောက်ခံနဲ့ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို သိမ်းထားတဲ့ သူတွေချည်းပဲ။ သိမ်းတဲ့နေရာမှာလည်း ကာလပေါက်ဈေးထက် မတန်တဆ လျော့ပြီး သူတို့လက်ထဲ ထိုးအပ်ထားတာချည်းပဲ။
“အခြေခံဥပဒေပြောင်းလဲရေး ဆိုတာ
ဘာပြောင်းမလဲ။ ဒေါ်အောင်ဆန်းစုကြည် ၀င်အရွေးခံနိုင်ဖို့လောက်ပဲ
ပြောင်းပေးမှာပါပဲ။ ဒါလေးပဲ။ ဒီထက် မပိုပါဘူး။ သမ္မတဖြစ်လာလိမ့်မယ်လို့
ကာယကံရှင်ကလည်း ထင်ချင် ထင်နေမယ်။ ဒုတိယသမ္မတအထိတော့ အရွေးခံရနိုင်ပါတယ်။
အဲသည်ထက် မပိုနိုင်ဘူး။ အင်န်အယ်ဒီပါတီကိုယ်တိုင်ကလည်း ရွေးကောက်ပွဲကျရင်
နိုင်မှာပါပဲ။ land slide တော့ မနိုင်ဘူး။ အင်န်အယ်ဒီရယ်၊ ကြံ့ဖွံ့ရယ်၊
တိုင်းရင်းသားတွေနဲ့ လူနည်းစုတွေရဲ့ အစုအဖွဲ့တွေရယ်။ ဒီလိုမျိုး
ဖြစ်လာမယ်။”
ပြောင်းတယ်ဆိုတာက ပြည်သူတွေက နှစ်ပေါင်းများစွာ အသက်သွေးချွေးတွေနဲ့ စွန့်လွှတ် စွန့်စား ရုန်းကန် တောင်းဆို တော်လှန်ခဲ့ကြလို့ အခုလို အပြောင်းအလဲဖြစ်လာတယ်လို့ကော မပြောနိုင်ဘူးလား။
ဒီမိုကရေစီအပြောင်းအလဲဆိုတာ ဦးသိန်းစိန်ရဲ့ အပြောအရဆိုရင်တော့ သူတို့လုပ်ခဲ့တာ။ သူတို့ စစ်ကောင်စီကနေပြီးတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက စီမံဖော်စပ်ပြီး လုပ်ကိုင်ခဲ့ရတာလို့ ပြောနေတာပဲ။ ကြံ့ဖွံ့ပါတီက ဦးဌေးဦးတို့ကိုယ်တိုင်ကလည်း ဒါကိုပဲ ပြောနေတာပဲ။ လက်ရှိအောက်ခြေမှာ grass roots က လူတွေကို လာမေးကြည့်၊ ဘာတွေ အပြောင်းအလဲဖြစ်နေပြီလဲဆိုရင် သူတို့ ဘာမှ မသိဘူး၊ ဘာမှ ပြောတတ်မှာ မဟုတ်ဘူး။ သူတို့တွေမှာ လယ်ယာမြေတွေ အများအပြား သိမ်းဆည်းခံထားရတယ်။ လက်လွတ်ဆုံးရှုံးနေရတယ်။ ပြီးတော့ အုပ်ချုပ်ရေးပိုင်းကို ကြည့်မယ်ဆိုရင်လည်း လက်ပံတောင်းမှာ ဗုံးခွဲတယ်။ မီးလောင်ဗုံးတွေ ခွဲလိုက်တာကို တာဝန်ရှိတဲ့သူ အရေးယူပါလို့ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကိုယ်က ဘယ်လိုပြောသလဲ။ အရေးယူစရာမလိုဘူး။ သူတို့တတွေ အဆင့်ဆင့် အဆင့်ဆင့် လုပ်တာ။ မလုပ်တတ်လို့ ဖြစ်သွားတာ၊ လေ့ကျင့်တောင် ပေးရဦးမယ်။ နိုင်ငံခြားတောင် ပညာတော်သင်လွှတ်ရဦးမယ် ပြောတယ်။ ခံစားနေရတဲ့ ပြည်သူတွေအနေနဲ့က ဘာတွေ အပြောင်းအလဲ ရှိတယ်လို့ ပြောမှာလဲ။
ဒါဆိုရင် အပေါ်က လူတွေက ပြောတဲ့ အပြောင်းအလဲဆိုတာနဲ့ အောက်ခြေလူထုအလွှာဆီက အပြောင်းအလဲဆိုတာ ထပ်တူဖြစ်ခြင်း မရှိဘူး၊ ကွာဟနေတယ်လို့ ပြောရမှာပေါ့။
အဲဒါကို ကျနော် ဟိုးတုန်းကလည်း ပြောခဲ့တယ်။ အခုလည်း ပြောတယ်။ ဘယ်မှာလည်း အပြောင်းအလဲ၊ ဒါကြောင့် ဒါတွေဟာ ဟန်ပြအပြောင်းအလဲတွေပဲ ဖြစ်တယ်။ တကယ့်ဒီမိုကရေစီအပြောင်းအလဲဆိုတာ ဖြစ်ဖို့ဆိုရင် ဗြဟ္မပြည်က အပ်တစင်းနဲ့ လူပြည်ကအပ်တစင်း ဆုံကြဖို့ ဆိုသလိုမျိုးပဲ။ အခုဘယ်မှာလဲ ဒီမိုကရေစီ အပြောင်းအလဲ …။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်။ ဟန်ပြပဲ။ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရကို သုံးဖို့တို့၊ စိစစ်ရေးလုပ်ဖို့ ပြောတယ်၊ လုပ်တယ်။ အခုကျတော့ ဘယ်ရောက်သွားလဲ။ တိုင်းရင်းသားတွေတွေအတွက် အခွင့်အရေးတို့၊ ငြိမ်းချမ်းရေးတို့၊ အပစ်အခတ် ရပ်စဲရေးတို့ ပြောတယ်။ ပြီးတော့ ဒီနေ့ ဒီအချိန်အထိ ကချင်ပြည်နယ်အရေးက တန်းလန်းပဲ။ အခု ရှမ်းပြည်မှာလည်း ထိုးစစ်တွေ ပေါ်နေတယ်။ အပြောင်းအလဲဆိုတာက ဟန်ပြပဲ၊ လက်တွေ့ ဖြစ်မလား။
ကဲ … အပေါ်ထပ်အဆောက်အဦမှာ အခြေခံဥပဒေကို ပြောင်းလဲဖို့ဆိုတာကိုလည်း ပြောနေကြပါသေးတယ် ဆရာရယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် သမ္မတကြီးဖြစ်ဖို့ ဟိုဖက်က ပြောနေသေးတာပဲ မဟုတ်လား။
အခြေခံဥပဒေပြောင်းလဲရေး ဆိုတာ ဘာပြောင်းမလဲ။ ဒေါ်အောင်ဆန်းစုကြည် ၀င်အရွေးခံနိုင်ဖို့လောက်ပဲ ပြောင်းပေးမှာပါပဲ။ ဒါလေးပဲ။ ဒီထက် မပိုပါဘူး။ သမ္မတဖြစ်လာလိမ့်မယ်လို့ ကာယကံရှင်ကလည်း ထင်ချင် ထင်နေမယ်။ ဒုတိယသမ္မတအထိတော့ အရွေးခံရနိုင်ပါတယ်။ အဲသည်ထက် မပိုနိုင်ဘူး။ အင်န်အယ်ဒီပါတီကိုယ်တိုင်ကလည်း ရွေးကောက်ပွဲကျရင် နိုင်မှာပါပဲ။ land slide တော့ မနိုင်ဘူး။ အင်န်အယ်ဒီရယ်၊ ကြံ့ဖွံ့ရယ်၊ တိုင်းရင်းသားတွေနဲ့ လူနည်းစုတွေရဲ့ အစုအဖွဲ့တွေရယ်။ ဒီလိုမျိုး ဖြစ်လာမယ်။ အဲသည်လို အင်အားစုတွေ ဖြစ်လာမယ်။ အခု နိုင်ငံရေးအခြေအနေကိုကြည့် အင်အားစုတွေ ပီပီပြင်ပြင် မပေါ်သေးခင်၊ လက်ရှိအခြေအနေမှာ မူဆလင်အရေးပြသနာတွေ ပေါ်နေတယ်။ နောင်ဆိုရင် တိုင်းရင်းသားအရေး ပြသနာတွေ ပိုပေါ်လာမယ်။ ကမ္ဘာမှာသုံးတဲ့ အသုံးရှိပါတယ်။ လူနည်းစုဖက်ဆစ်ဝါဒ ဆိုတာ။ တိုင်းရင်းသားတွေ လူနည်းစုအင်အားစုတွေ အချင်းချင်းကြားမှာ ကွဲပြားကုန်မယ်။ ဒါတွေကို တဖက်က အားပေးနေတယ်။ ဒါကြောင့် အခုအပြောင်းအလဲဆိုတာက အတုအယောင်တွေ၊ ဟန်ပြတွေလို့ ကျနော်ကတော့ ပြောတယ်။
ဒီမိုကရေစီရေး အပြောင်းအလဲတွေ တကယ်ဖြစ်ဖို့ဆိုတာက လူပြည့်ကအပ်တစင်းနဲ့ ဗြဟ္မပြည်က အပ်တစင်းလိုပဲ ဆိုရင် အခုလက်ရှိမှာ ဖြစ်ပျက်နေတာတွေကို အတိုက်အခံလုပ်ပြီး ပြောနေ လှုပ်ရှားနေစရာ မလိုတော့ပါဘူး ဆိုနေကြတာတွေကို ဘယ်လိုလုပ်ကြမလဲ ဆရာ …
ဒီမိုကရေစီ တကယ်ကိုထွန်းကားနေတဲ့ နိုင်ငံတွေမှာကိုယ်တိုင်က အတိုက်အခံဆိုတာ ရှိကြတာချည်းပဲ။ အတိုက်အခံဆိုတာ နေရာတိုင်းမှာ ရှိတာပဲ။ အတိုက်အခံလုပ်စရာ မလိုတော့ဘူးဆိုရင် စစ်တပ်မှာသွားပြီးတော့ အလုပ်လုပ်ကြရုံပဲ ရှိတာပေါ့။ အတိုက်အခံလုပ်ကြတယ်ဆိုတာမှာ ကျနော်တို့မှာ principal ဆိုတာ၊ ရပ်တည်ချက်ဆိုတာ ရှိတယ်။ လူ့အခွင့်အရေးတွေ ရရှိရမယ်။ အခြေခံဥပဒေဆိုတာကို ပြင်ဆင်ရမယ်၊ ပြောင်းရမယ် ဆိုတာ ရှိတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးဆိုတာ ရှိတယ်။ ပြည်ထောင်စုကြီးကို ဖဒရယ်စစ်စစ်အဖြစ် ထူထောင်ကြဖို့ ဆိုတာ ရှိတယ်။ ဒါတွေကို ဖော်ဆောင်တဲ့နေရာမှာ ဒီမိုကရေစီအစိုးရစစ်စစ်တခု တက်လာတဲ့ဆီမှာတောင် ဒို့ Principal နဲ့ မတူရင် အတိုက်အခံအနေနဲ့ ရပ်တည်ရမှာပဲ၊ ထုတ်ဖော်ရမှာပဲ။ အတိုက်အခံတွေ လုပ်နေစရာမလိုဘူးဆိုတာက ဘယ်လိုမျိုး စဉ်းစားပြီးပြောလဲ မသိဘူး။
အဲသည်မှာ ဥပမာတခုပြောချင်တယ်။ အလံနီသခင်စိုးကြီး ကွယ်လွန်တော့ အသုဘချတဲ့ဆီမှာ။ စစ်အစိုးရလက်ထက်ပေါ့ကွာ။ အဲသည်ဈာပနမှာ အလံနီလူငယ်မျိုးဆက်သစ်လေးတွေ လာကြတယ်။ သူတို့က ဈာပနမှာ စာတမ်းဖတ်ချင်တယ်။ အလေးနီပြုချင်တယ်။ အဲသည်တော့ သခင်စိုးဘေးနားမှာရှိတဲ့ အသိုင်းအ၀ိုင်းတချို့က တားတယ်။မလုပ်ပါနဲ့ ဘာနဲ့ပေါ့လေ။ အဲသည်တော့ အဲသည်ကလေးတွေက ဘာပြောလဲဆိုတော့ ခင်ဗျားတို့ အဲသည်လောက်တောင် ဖြစ်နေရင်တော့ စစ်တပ်ကိုသာ (လက်)ခံလိုက်ကြလို့ ပြောပြီး တန်းစီထွက်သွားတယ်။ အခုဒီအချိန်မှာ အချို့တွေက အတိုက်အခံမလုပ်တော့ဘူးလို့ ပြောနေရင် အတိုက်အခံဆိုတဲ့ စကားလုံးကိုပါ စွန့်လွှတ်ဖို့ ပြောနေရင်တော့ ခုနင်က အလံနီလူငယ်လေးတွေ ပြောသလိုပဲ စစ်တပ်က အုပ်စိုးတာကို လက်ခံလိုက်ကြလို့ပဲ ပြောရမှာပဲ။
အင်း စကားကို ပြန်ဆက်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ပံတောင်းတောင် အစီရင်ခံစာမှာ လက်ရှိအစိုးရဘက်က ရပ်တည်ပြီး ကာကွယ်ပေးတယ်၊ ဘာညာစသည်ဖြင့် လူတချို့က ပြောကြတာတွေ ရှိတယ်လေ ဆရာ။
အင်း ကျနော့်တဦးတည်းသဘော ပြောရရင် စစ်တပ်က စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို လက်ပံတောင်းကိစ္စမှာ ခိုင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ဆောင်ရွက်တယ်။ အဲသည်တော့ ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်မှာ ကွဲသွားတယ်။ ကွဲသွားတယ်ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ကျ မသွားပါဘူး။ သူ့နိုင်ငံရေးခေါင်းဆောင်မှုမှာ သြဇာကျသွားတယ်လို့ မပြောနိုင်ဘူး။ ဒါပေမယ့် သူဘာကျသွားသလဲဆိုတော့ ဂန္ဓီတို့လို၊ မင်ဒဲလားတို့လို့မျိုး နိုင်ငံရေးမှာ Moral leadership (စိတ်ဓာတ်ပိုင်းဆိုင်ရာ) သြဇာတော့ ကျသွားတယ်။ သူတို့နဲ့ တတန်းတည်း မဟုတ်တော့ဘူး။ တနေ့က သူ နယ်တွေသွားတယ်။ လူထုရဲ့ ထောက်ခံမှုက အပြည့်ပဲ။ ဒါပေမယ့် သူ့ရဲ့ moral (စိတ်ဓာတ်) သြဇာကတော့ ပျော့သွားပြီ။ သူက စစ်တပ်နဲ့ ပေါင်းပြီး လုပ်နေတယ်လို့ ဘက်လိုက်တယ်လို့ လူတချို့က စွတ်စွဲလုနီးနီး ဖြစ်လာတယ်။
သို့သော် … ဒေါ်အောင်ဆန်းစုကြည်က ဟိုယခင်ကတည်းက တပ်မတော်ကို အကောင်းမြင်တယ်။ သူ့ဖခင်ထူထောင်ခဲ့တဲ့ စစ်တပ်နဲ့ လက်တွဲပြီး လုပ်ချင်တယ်။ စသည်ဖြင့် သည်လိုမျိုး သဘောထားရှိတယ်လို့ ဆရာကိုယ်တိုင်ကလည်း ပြောခဲ့တယ်လေ။
အဲသည် သဘောထားအတိုင်းလုပ်နေတယ်။ ဟုတ်တယ်။ ဒါပေမယ် ဒေါ်အောင်ဆန်းစုကြည်မှာ လူထုထောက်ခံမှုက လျော့မသွားဘူး။ နိုင်ငံရေးသြဇာကလည်း အပြည့်ရှိနေတယ်။ ကျင့်ဝတ်ဆိုင်ရာ ခေါင်းဆောင်မှုမှာ ဂန္ဒီလိုမျိုး၊ မင်ဒဲလားလိုမျိုး ပြည်သူတွေဖက်က ရပ်တည်တာ၊ ပြည်သူ့ဖက်ကလိုက်တာမျိုးတွေမှာ နဲနဲ ပွန်းပဲ့တာမျိုးရှိတယ်။ ဒါကိုလည်း သူကိုယ်တိုင်က သိပါတယ်။ ဆိုတော့ ကျနော်ပြောချင်တာက အတိုက်အခံဆိုတာ လိုအပ်တယ်။ မရှိရဘူးဆိုတာကို ကိုယ့်ရပ်တည်ချက်အရ စဉ်းစားပြီးမှ ပြောပါ။
ဟုတ်ပါပြီ။ အဲသည်မှာ ပြည်ပက အတိုက်အခံတွေ၊ ပြည်တွင်းက အတိုက်အခံတွေထဲက အချို့တွေက အတိုက်အခံဆိုတာထက် လက်ရှိအစိုးရနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ကြဖို့ စီမံကိန်းတွေ ဆွဲလာကြတယ်။ ပြောဆို ဆွေးနွေး တင်ပြတာတွေ လုပ်လာကြတာတွေ မြင်တွေ့နေရတယ် ဆရာ။
ပေါင်းစားချင်ရင်တော့ ကောင်းပါတယ်။ လုပ်ပါ။ ပေါင်းစားချင်ရင်တောင်မှ လွယ်တာမဟုတ်ဘူး။ ဒီကို လာကြတဲ့သူတွေ၊ အဖွဲ့တွေ အများကြီးပဲ။ တွေ့ပါတယ်။ သူတို့တွေကိုလည်း အစိုးရက ပြစားဖို့၊ ခိုင်းစားဖို့အတွက် လုပ်နေတာပဲ။ စစ်တပ်ရဲ့ စစ်အုပ်စုရဲ့ လက္ခဏာတွေကလည်း ပြောင်းလဲသေးတာ မဟုတ်ဘူး။ အဲသည်စစ်ကောင်စီနဲ့ အစိုးရနဲ့ ပေါင်းချင်တဲ့သူတွေကပဲ ပြောင်းပေးနေရတာ၊ ပြင်ပေးနေရတာတွေပဲ ရှိတယ်။ လက်ရှိပြောရရင် သူတို့တပ်မတော်နေ့ မိန့်ခွန်းမှာ မင်းအောင်လှိုင်က ဘာပြောသလဲ၊ သူတို့တတွေက တပ်မတော်က တိုင်းပြည်ဦးဆောင်မှုအခမ်းကဏ္ဍမှာ ဆက်လက်ရှိနေမယ်ဆိုတာမျိုးကို ပြောသွားတယ်။ စစ်ကောင်စီတွေနဲ့ စစ်တပိုင်းအုပ်စုတွေပဲ ဆက်ပြီး အုပ်ချုပ်နေမှာပဲ။ အဲသည်ထဲမှာ သွားပေါင်းတဲ့သူတွေကလည်း လူနည်းစုတွေအဖြစ်နဲ့ပဲ သွားရပ်တည်ရမှာပဲ။ ဘာလုပ်ပိုင်ခွင့်တွေ ရကြမှာမို့လဲ။ ပေါင်းလုပ်ချင်တဲ့ကိစ္စဆိုတာက မြန်မာပြည်နိုင်ငံရေးသမိုင်းမှာ ရိုးနေပါပြီ။ ဟိုတုန်းကတည်းကလည်း ရှိတာပဲ။ တော်လှန်ရေးကောင်စီ၊ မဆလ၊ န၀တ၊ နအဖ ခေတ်အဆက်ဆက်မှာ စစ်တပ်နဲ့ ပေါင်းပြီးလုပ်ခဲ့ကြတာတွေ ရှိခဲ့တာချည်းပဲ။
နိုင်ငံရေးမှာ တဖက်ပါတီ၊ အင်အားတွေနဲ့ ပေါင်းပြီး လုပ်တယ်ဆိုတာကို တဖက်သတ်ကြီးတော့ အပြစ်တင်လို့ မရဘူး မဟုတ်လားဆရာ။
ကျနော့်အနေနဲ့ ပြောရရင် အတိုက်အခံစိတ်ဓာတ်ကိုတော့ စွန့်ပစ်စရာမလိုပါဘူး။ ဒါကို စွန့်လွှတ်ရမယ်လို့ ပြောတာကတော့ တရားလွန်တယ်လို့ ပြောချင်တယ်။ ကိုယ်ရဲ့ ရပ်တည်ချက်တွေ၊ မူတွေကို စွန့်လွှတ်စရာမလိုဘူး။ တဖက်ကနိုင်ငံရေးအင်အားစုတွေ အဖွဲ့တွေနဲ့ ပေါင်းပြီးလုပ်ကြ။ ကိုယ့်ရဲ့ သဘောထားကို စွန့်လွှတ်စရာမလိုဘူး။ ဒီမိုကရေစီအပြောင်းအလဲအတွက် ကျနော်တို့တတွေက အတိုက်အခံစိတ်ဓာတ်ကို ကျနော်တို့ရဲ့ မူလရပ်တည်ချက်တွေ၊ မူတွေ Principal တွေနဲ့ အတူတူ မစွန့်လွှတ်ဘဲနဲ့ ဆက်ပြီး ဆောင်ရွက်ကြရလိမ့်မယ်လို့ ယုံကြည်တယ်။ အကျိုးရှိတဲ့ လုပ်ငန်းတွေမှာ အစိုးရနဲ့ ပူးပေါင်းပြီး လုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောတာမျိုးကို လက်ခံပါတယ်။ လုပ်ပါ။ ဒါက နိုင်ငံရေးပဲ။ လုပ်ရမှာပေါ့။
ဥပမာတခုပြောရရင် မဆလ တပါတီစနစ်မှာလည်း ကွန်မြူနစ်တွေ ဗကပတွေကလည်း လက်တွဲလုပ်ဖို့ ကြိုးစားသေးတာပဲ။ ကွန်မြူနစ်တွေက မဆလပါတီထဲ အကုန်မရောက်တောင် တချို့တွေလည်း ၀င်ကြသေးတာပဲ။ သူတို့တွေတောင်းဆိုတာ ရပ်တည်တာက တပါတီစနစ်ကို ဖျက်သိမ်းဖို့၊ မဆလအခြေခံဥပဒေကို ဖျက်သိမ်းဖို့ကို သူတို့ တောင်းဆိုတာပဲ။ တွဲမလုပ်နိုင်တော့လည်း လမ်းခွဲရတာပဲ။ သူတို့တွေမှာ သူတို့ယုံကြည်တာကိုတွေကို စွန့်လွှတ်ရတာမျိုး၊ အတိုက်အခံမလုပ်တော့ဘူးဆိုတာမျိုးမှ မလုပ်ခဲ့ကြတာပဲ။ ကိုယ့် ယုံကြည်ချက်၊ မူကို စွန့်လွှတ်စရာမလိုဘူး။ အတိုက်အခံစိတ်ဓာတ်တွေကို စွန့်လွှတ်စရာမလိုဘူးလို့ ပြောချင်ပါတယ်။
ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်။