Thursday, May 16, 2013

The Rise and Fall of the Communist Party of Burma

(Bertil Lintner ရေး၍ ကျော်ဝင်း ဘာသာပြန်သည်။)

တပ်တွင်းပုန်ကန်မှု မတိုင်မီ ၂ နှစ်လောက်က ဖြစ်သည်။ ၁၉၈၆ နိုဝင်ဘာ ၁ ရက်မှ ၁၉၈၇ ဧပြီ ၁၈ ရက်အထိ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ CPB အခြေခံဒေသ တစ်နံတစ်လျား ကိုးကျောင်း ကိုးကျင်း လှည့်ပတ်သွားလာနေ ခဲ့သည်။ မြောက်ပိုင်း မုန်းပေါ်နှင့် ပန်ဆိုင်း မှသည် (ဤနေရာတွင် ၁၉၈၆ နိုဝင်ဘာ စီစီဝမ်တိုင်ပန် တိုက်ပွဲနှင့် ကြုံခဲ့ရ) အရှေ့ဘက် မုန်းကိုးထိ၊ ထိုမှတစ်ဖန် သံလွင်မြစ်ကိုဖြတ်ပြီး ကိုးကန့်သို့ ရောက်သွားသည်။ ထိုသည်၏ နောက် ဝတောင်တန်းများသို့ ဆင်းပြီး ပန်ဆန်းသို့ ရောက်သည်။ ပန်ဆန်းမှာပင် သုံးလကျော်ကျော်ခန့် ကြာသွားသည်။

ထို့နောက် တစ်ဖန် ပန်ဆန်းမှသည် တရုတ်နယ်စပ်တစ်လျှောက် အရှေ့ဘက်သို့ ခြေလျင်ခရီး နှင်ခဲ့ပြီး ၈၁၅ စစ်ဒေသသို့ ရောက်သွားခဲ့သည်။ ၈၁၅ ဆိုသည်မှာ ဗမာပြည်ကွန်မြူနစ် ပါတီ စတင်တည်ထောင်သည့် နေ့စွဲ၊ သြဂုတ်လ ၁၅ ရက် (၁၉၃၉) ကို အစွဲပြု မှည့်ခေါ်ထားသော အမည်ဖြစ်ပါသည်။ အဆိုပါ ၈၁၅ စစ်ဒေသမှပင် နယ်စပ်ကိုဖြတ်ပြီး တရုတ်ပြည်ထဲသို့ ရောက်သွား ခဲ့ပါသည်။ တရုတ်ပြည်တွင်း ကျင်းဟုန်နှင့် ကူမင်းအစိုးရ ဧည့်ဂေဟာများတွင် ခေတ္တမျှ ထိန်းသိမ်း ခံခဲ့ရပြီး ၁၉၈၇ ဧပြီလ ၁၅ ရက်တွင် ဟောင်ကောင်သို့ ပို့လိုက်ကြပါသည်။

CPB ပိုင်နက် နယ်မြေတစ်လွှား ကီလိုမီတာ ၉၀၀ နီးပါးမျှရှည်သော ခရီးစဉ်ခရီးကြမ်းကြီးနှင့် ပန်ဆန်းဌာနချုပ်တွင် နေထိုင်စဉ်အတွင်း ကျွန်တော့်အနေနှင့် အဓိကပါတီ ခေါင်းဆောင်အားလုံးလောက်ကို တွေ့ဆုံ မေးမြန်းခွင့် ရခဲ့သည်။ ဥက္ကဋ္ဌ သခင်ဗသိန်းတင်နှင့် ဆိုလျှင် ခြောက်ကြိမ်မျှ အချိန်တော်တော်ကြာကြာ စကားပြောခွင့် ရခဲ့ပါသည်။ ရှေ့တန်းစစ်မြေပြင် များတွင်လည်း ရဲဘော်တွေနှင့် ရက်သတ္တပတ် အတော်ကြာ အတူနေခွင့် ရခဲ့သည်။ ရဲဘော်အများစုမှာ ဝ အမျိုးသားတွေဖြစ်ပြီး သူတို့အကြောင်း ကောင်းကောင်းသိခွင့် ရခဲ့ပါသည်။
သို့အတွက် ၁၉၈၉ မတ်၊ ဧပြီ တပ်တွင်းပုန်ကန်မှု ပေါ်ထွက်လာသောအခါ ကျွန်တော့်အတွက်တော့ အံ့သြစရာ မဟုတ်တော့ပါချေ။ အောက်ခြေ ရဲဘော်များ အနေနှင့် သူတို့ခေါင်းဆောင်များနှင့် ပတ်သက်ပြီး ဘယ်လို ခံစားချက် ရှိကြသည်ကို ကျွန်တော် ကောင်းကောင်းသိပါသည်။ သူတို့ တစ်တွေမှာ သူတို့အမှန်တကယ် မယုံကြည်သော အရေးတော်အတွက် တိုက်ခိုက်နေကြရသည် ကို ငြီးငွေ့နေကြပြီ ဖြစ်သည်။ ထိုစဉ်ကာလ (၁၉၈၆-၁၉၈၇) CPB အခြေခံဒေသ၏ လူဦးရေနှင့် စီးပွားရေး အနေအထားဆိုင်ရာ အသေးစိတ် သတင်းအချက်အလက် များကိုလည်း ကျွန်တော်စုဆောင်းနိုင် ခဲ့ပါသည်။ ဤအချက်အလက်များကို “နောက်ဆက်တွဲ ၂” တွင် ဖော်ပြထားသည်။

မည်သို့ပင်ဆိုစေ တပ်တွင်းပုန်ကန်မှု နောက်ပိုင်း ပန်ဆန်းမှာ မည်သည့်မြို့နှင့်မှ မတူအောင် စန်းပွင့်လာခဲ့သည် မှာကား အမှန်ပင်ဖြစ်ပါ သည်။ တရုတ်-မြန်မာ နယ်နိမိတ်မျဉ်းလို ဖြစ်နေသော နာမ်ခမြစ်လေး၏ မြင်းခွာပုံ အကွေ့တစ်ခုတွင် တည်ရှိသည့် ပန်ဆန်းတွင် လောကနှစ်ခုလုံး၏ အကောင်းဆုံးတွေ စုစည်းနေသလို ရှိသည်။ တရုတ်ပြည်၏ စီးပွားရေး ချမ်းသာကြွယ်ဝမှုများမှာ ပန်ဆန်းတွင် အသစ်ထွက်ပေါ်လာသော ကွန်ကရစ် အဆောက်အအုံများ၊ ဇိမ်ခံကားများ၊ ပလက်ဖောင်းကိုယ်စီ လမ်းမကြီးများ၊ နောက်ဆုံးပေါ် စားသုံးကုန်များ အပြည့်တင်ထားသည့် ဈေးဆိုင်များပေါ်တွင် အရိပ်ထင်လျက် ရှိသည်။ ဤနေရာတွင် တရုတ် ငွေကြေးကိုသာ လက်ခံ သုံးစွဲကြပါသည်။ တန်ဖိုးမရှိသလောက် ဖြစ်သော မြန်မာကျပ်ငွေကို ဘယ်သူကမှ မလိုချင်ကြပါ။ သို့တစေ ဤနေရာမှာ တရုတ်ပြည်ကား မဟုတ်။ မြန်မာပြည် ဖြစ်သည်။

သို့နှင့်တိုင် ဤနေရာတွင် ကြမ်းရှသော တရားဥပဒေစိုးမိုးရေး အတွက် ဘယ်သူမှ စိုးရိမ်မကင်း ဖြစ်စရာမလိုပါ။ အချို့သော အမျိုးအစား ကုန်သွယ်ရေး ကူးသန်းရောင်းဝယ်ရေး များအပေါ် ချမှတ်ထားသည့် အစိုးရ အထိန်းအချုပ်များ အတွက်လည်း စိတ်ပူစရာမရှိပါ။ အကြောင်းမူ ပန်ဆန်းနှင့် ပတ်ဝန်းကျင် ဒေသမှာ မြန်မာအာဏာပိုင် များ၏ ထိန်းချုပ်မှုအောက်တွင် မရှိသောကြောင့် ဖြစ်ပါသည်။ လူဦးရေ ၂၀,၀၀၀ မျှရှိသော ပန်ဆန်းမှာ စတုရန်းကီလိုမီတာ ၁၅,၀၀၀ ကျော် ကျယ်သော မြန်မာနိုင်ငံ အရှေ့မြောက် ဒေသ၏ “တရားမဝင် မြို့တော်” ဟု ဆိုရတော့မည် ဖြစ်ပါသည်။ ဤဒေသကြီးကို “ညီညွတ်သော ဝ ပြည်နယ်တပ်မတော်” (UWSA) က ထိန်းချုပ်ထားသည်။ UWSA မှာ တစ်ခါက ဗမာပြည် ကွန်မြူနစ်ပါတီ၏ တိုက်ခိုက်ရေး တပ်ဖွဲ့များအဖြစ် စုစည်းထားသော လူမျိုးစု လက်နက်ကိုင် အဖွဲ့လေးခုထဲမှ အင်အားအကြီးဆုံး ဖြစ်ပါသည်။

ပန်ဆန်းမှာ UWSA ထိန်းချုပ်ထားဆဲ နယ်မြေ၏ အသည်းနှလုံး နေရာတွင် ရှိသည်။ တပ်တွင်းပုန်ကန်မှု ဖြစ်ပြီး လအနည်းငယ် အကြာမှာပင် သူပုန်တပ်ဖွဲ့များနှင့် ဗဟိုအစိုးရ တို့ကြား အပစ်အခတ် ရပ်စဲရေးသဘော တူညီချက်တစ်ရပ် ရရှိခဲ့ပါသည်။ ဤသဘောတူညီချက် အရ UWSA နှင့် ယခင် CPB တပ်ဖွဲ့ များကို ၄င်းတို့ လက်နက်ကိုင်တပ်များ ဆက်လက် ထားရှိခွင့် ပြုသလို သက်ဆိုင်ရာ နယ်မြေများကိုလည်း ဆက်လက်ထိန်းချုပ်ခွင့် ပြုထားသည်။ အပြန်အလှန် အနေနှင့် အဆိုပါအဖွဲ့များ ဘက်မှလည်း အစိုးရတပ်ကို မတိုက်ရန်၊ တိုင်းပြည်အတွင်းရှိ အခြားသော အစိုးရ
ဆန့်ကျင်ရေး လူမျိုးစုအဖွဲ့များနှင့် မဆက်သွယ်ရန် သဘော တူထားရသည်။

၁၉၈၉ တပ်တွင်းပုန်ကန်မှု မတိုင်မီက ပန်ဆန်းတွင် ကွန်ကရစ် အဆောက်အအုံ ဆို၍ ပါတီခေါင်းဆောင်များ နေထိုင်ရာ တိုက်အိမ်အစုလေး များနှင့် တရုတ်ပြည်မှ ဆောက်ပေးသော အသံလွှင့်ရုံသာ ရှိပါသည်။ ဤအသံ လွှင့်ရုံမှာပင် အရေးကြီးသော အစည်းအဝေးများကို ကျင်းပခဲ့ကြသည်။ ထိုစဉ်က ပန်ဆန်းရှိ အဆောက်အအုံအများစုမှာ သစ်ဝါးတို့ဖြင့် ဆောက်လုပ် ထားသော တဲတွေသာ ရှိပါသည်။ တစ်ခုတည်းသော အရောင်းအဝယ်လုပ်ငန်း ဆို၍ ပုံစံဟောင်း ပန်ဆန်းဈေးသာ ရှိသည်။ ဤဈေးတွင် ဒေသခံများက ဟင်းသီးဟင်းရွက်၊ ဝက်သား၊ ကြက်သားနှင့် ဘိန်းတို့ကို ရောင်းချကြသည်။ ဘိန်းအရောင်းအဝယ်ကို ပါတီက အခွန်ကောက်ပြီး တရားဝင် ခွင့်ပြုထား သည်။ မကြာခဏဆိုသလို တရုတ်ပြည်ဘက်မှ ကုန်သည်တွေ ကူးလာကြပြီး အဝတ်အထည်၊ ကလေးကစားစရာနှင့် အပေါစား လက်ဝတ်တန်ဆာတို့ကို ရောင်းချကြသည်။ တစ်ခါတစ်ရံတွင် ရေခဲမုန့် ဘူးများကို စက်ဘီးဖြင့်တင်ပြီး လာရောက် ရောင်းချကြသည်များလည်း ရှိသည်။

ပန်ဆန်းကို မိုးနေသော တောင်ကုန်း တစ်ခုပေါ်တွင် ကျဆုံးသွားသော CPB ရဲဘော်များ အတွက် အထိမ်းအမှတ် တစ်နေရာရှိသည်။ ယခုအခါ ဤနေရာနှင့် ဘေးချင်းကပ်လျက်တွင် “ရွှေကလေးငယ်ဒစ်စကို” (Golden Baby Disco) ဆိုသော အဆောက်အအုံသစ်ကြီး ပေါ်ထွက်လာချေပြီ။ ၄င်းမှာ အမြင်ဆန်းသော နှစ်ထပ်အဆောက်အအုံ ဖြစ်သည်။ အပေါ်ထပ်တွင် “နိုက်ကလပ်” ဖွင့်ထားပြီး မှန်ချပ်တွေ အပြည့်ကာထားသည်။ ပန်ဆန်း၏ မီးရောင်ပြိုးပြက် ညရှုခင်းကို မှန်ချပ်များကို ဖြတ်ပြီး မြင်နိုင်သည်။

အောက်ထပ်တွင်ကား ကာရာအိုကေခန်းမများ အပြည့်ရှိသည်။ ဗီအိုင်ပီများ အတွက် သူတို့ဧည့်သည်များကို ဧည့်ခံဖြေဖျော်ရန် အထူးသီးသန့်ခန်း တွေကိုလည်း စီစဉ်ထားပါသည်။ ဤခန်းမများတွင် အပိုကြေးသာ ပေးနိုင်လျှင် မလုံ့တလုံ မီနီစကတ် တိုတိုလေးများဖြင့် နိုက်ကလပ်မယ်လေး တွေကိုလည်း ဝယ်လို့ ရနိုင်ပါသည်။ “ရွှေကလေးငယ်ဒစ်စကို” နှင့် မဝေးလှ သော နေရာတွင်လည်း ကာစီနိုကြီးတစ်ခု ရှိပါသေးသည်။ ဤကာစီနိုကြီးကို UWSA ပိုင် “ယင်းယွမ် ဖြေဖျော်ရေးကော်ပိုရေးရှင်း” က ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ အဆိုပါ ကာစီနိုကြီးနှင့် မျက်နှာချင်းဆိုင် လမ်းတစ်ဖက် တွင်ကား အပန်းဖြေနားနေစရာ တောအုပ်တစ်ခု ရှိသည်။ ဤတောအုပ် တွင် အာရှဝက်ဝံမည်း တော်တော် များများနှင့် မျောက်တစ်ကောင်ကို လှောင်အိမ်သွင်း ပြထားသည်။ လာရောက်အပန်းဖြေသူများက ဝက်ဝံ တွေနှင့် မျောက်ကို ဘီယာတိုက်ကြ သည်။ စီးကရက် မီးညှိပေးကြသည်။ အပျော်သဘော ဖြစ်သည့်တိုင် စိတ်မသက်သာဖွယ်ရာ မြင်ကွင်းများ ဖြစ်ပါသည်။

ကာလသားကြိုက် အပျော်အပါးကိစ္စများမှာ ကာရာအိုကေ ခန်းမများတွင်သာ ရနိုင်သည် မဟုတ်ပါ။ ပန်ဆန်းရှိ ဆံပင်ညှပ်ဆိုင် တော်တော်များများ မှာပင် ဤကိစ္စ အလွယ်နှင့်ရနိုင်ပါသည်။ ပန်ဆန်းဆံပင် ညှပ်ဆိုင်များမှာ ဆံပင်ညှပ်ဆိုင် သက်သက်မျှ မဟုတ်။ ပါတီပွဲများ ကျင်းပရာအဖြစ်ပါ နှစ်မျိုး အသုံးပြုကြသည်က များသည်။ ညရောက်ပြီဆိုသည်နှင့် အဆိုပါဆိုင်များတွင် ပန်းရောင် နီယွန်မီးများ ထွန်းညှိကာ ပြည့်တန်ဆာ မိန်းကလေးများကို ခေါ်ထားလေ့ ရှိသည်။ တန်ရာတန်ဖိုး ပေးပါက နှစ်သက်ရာ အမျိုးသမီးကို နီးရာဟိုတယ်သို့ ခေါ်ထုတ် ပျော်ပါးနိုင်သည်။ ပန်ဆန်းတွင် ကိုယ်ပိုင်ဘဏ်လည်း ရှိသည်။ “ဝဖန်း” သို့မဟုတ် “ဝပြည်နယ်ဘဏ်” ဟု အမည်ရှိပါသည်။ ပန်ဆန်းမြို့၏ အဓိကရ လမ်းမကြီးပေါ်တွင် တည်ရှိသည်။ ဘဏ်ရှေ့ ယာဉ်ရပ်နားကွင်းတွင် ဝ အာဏာပိုင်များ ထုတ်ပေးသော နံပါတ်ပြားများ တပ်ထားသည့် ဇိမ်ခံ ဆီဒင်ကားများ၊ Surf ကားများကို မနည်းမနော တွေ့နိုင်ပါသည်။

ထိုမျှမက ပန်ဆန်းတွင် ရုပ်ရှင်ရုံတစ်ရုံ၊ နေ့ဈေးတစ်ဈေး၊ ကားပြိုင် ကွင်းတစ်ကွင်းနှင့် ရိုလာစကိတ်ကွင်း တစ်ကွင်းလည်း ရှိပါသေးသည်။ စကိတ်ကွင်းတွင် ဘီးတပ် စကိတ်ပြားများကို နာရီပိုင်းနှင့် ငှားလို့ရသည်။ UWSA မှ တပ်မှူးတစ်ယောက် ဆိုလျှင် သူနှင့် သူ့ရောင်းရင်းများ ကစားရန် ကိုယ်ပိုင်ဘိုးလင်း ကစားရုံတစ်ရုံ တည်ဆောက်ထားသည်ဟု ဆိုသည်။ သူ့ဘိုးလင်းရုံကို အများပြည်သူကစားဖို့ ဖွင့်ပေးသော်လည်း လမ်းကြောင်း တစ်ခုကိုမူ ဝခေါင်းဆောင်များ အတွက်သာ သီးသန့်ထားသည်ဟု သိရသည်။ ယူနီဖောင်း အသစ်စက်စက်များနှင့် UWSA တပ်ဖွဲ့များကိုလည်း မြို့ထဲတွင် အဖွဲ့လိုက် စစ်ရေးပြနေကြသည်ကို တွေ့နိုင်သည်။

ဝ ရဲတပ်ဖွဲ့ယာဉ် များကလည်း လမ်းများပေါ်တွင် ပတ်တရောင် လှည့်နေကြသည်။ ပန်ဆန်းလမ်းမကြီးများ၏ လမ်းသွယ်များကြားတွင် ပန်းဘောင်များကို စနစ်တကျ စိုက်ပျိုးထားပါသည်။ “ပန်းဘောင်ပေါ် မနင်းရ” ဆိုသော ဆိုင်းဘုတ်များကို နေရာအနှံ့ တွေ့ရသည်။ မလိုက်နာလျှင် ဒဏ်ငွေကြီးကြီး တပ်ခံရပါလိမ့်မည်။ ရမ်မင်ဘီ ၃၀၀ သို့မဟုတ် အမေရိကန် ဒေါ်လာ ၄၄ အထိ ဒဏ်ငွေဆောင်ရသည်။

အစိုးရနှင့် နားလည်မှုယူထားသော ဆိုခဲ့ပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အရ မြန်မာ့တပ်မတော်မှာ ပန်ဆန်းတွင် ဆက်ဆံရေးရုံး တစ်ရုံး ထားခွင့်ရှိသည်။ ဤရုံးတွင် အရာရှိအဆင့် ဆယ်ယောက်လောက် ခန့်ထားပါသည်။ သို့တစေ အဆိုပါအရာရှိ များမှာ သူတို့နေထိုင်ရာ ဝင်းထဲမှ အပြင်သို့ ထွက်ခဲပါသည်။ ပန်ဆန်းတွင် တစ်ခုတည်းသော မြန်မာအလံဆို၍ အစိုးရဆေးပေးခန်း မှာသာရှိသည်။ ကျန်ရုံးအဆောက်အအုံ အားလုံးတွင် လွှင့်ထူထားသည်မှာ UWSA အလံနှင့် ဝ ပြည်နယ် အလံသာဖြစ်သည်။ အပြာ၊ အနီ နောက်ခံထက်တွင် ကြယ်တစ်ပွင့်၊ နေတစ်စင်း၊ ဓားမြှောင်နှင့် လှံတံကန့်လန့်ဖြတ်ထားသော အမှတ်အသားတစ်ခု ပါဝင်သည့် အလံတော် ဖြစ်ပါသည်။

တရားဝင်ထုတ်ဝေ ဖြန့်ချိထားသော မြေပုံများတွင် ရှာကြည့်လျှင်
ဝ ပြည်နယ် ဆိုသည်ကို တွေ့ရလိမ့်မည် မဟုတ်ပါ။ သို့တိုင်အောင် တစ်စိတ် တစ်ပိုင်း လွတ်လပ်သည့် နယ်မြေ ဖြစ်လာစေရန်ကား အကြံအစည်နှင့် ရည်ရွယ်ချက် ရှိဟန် တူပါသည်။ တရားဝင် သိမှတ်လက်ခံထားခြင်း မရှိသည့်တိုင် ဝ နယ်မြေမှာ မြန်မာနိုင်ငံနှင့် တရုတ်ပြည်ကြား ဒေသဆိုင်ရာ အုပ်ချုပ် ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိသော ကြားခံနယ်မြေ တစ်ခုလိုဖြစ်နေသည်။

>> ဗမာပြည်ကွန်မြူနစ်ပါတီ၏ နေထွက်ချိန်နှင့် နေဝင်ချိန် (၄) ကို ဆက်လက်ဖတ်ရှုရန် -
(http://www.facebook.com/photo.php?fbid=575935285760068&set=a.164790403541227.32157.158797964140471&type=1&relevant_count=1)

<< ဗမာပြည်ကွန်မြူနစ်ပါတီ၏ နေထွက်ချိန်နှင့် နေဝင်ချိန် (၂) ကို ဖတ်ရှုရန်
(http://www.facebook.com/photo.php?fbid=575115712508692&set=a.164790403541227.32157.158797964140471&type=1&relevant_count=1)
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment