Monday, June 3, 2013

KIO အဖွဲ့မှ ပထမအကြိမ် ၃ လကြာ အခြေခံ စစ်သင်တန်းဆင်းပွဲ ပြုလုပ်

KIA-military-training-graduation
မေ ၃၀ နေ့ ပထမအကြိမ် ရက်ပေါင်း ၉၀ KIA အခြေခံစစ်သင်တန်းဆင်းပွဲ၊ လိုင်ဇာ၊ ကချင်ပြည်နယ်။
ကချင်ပြည်နယ် တရုတ်နယ်စပ် လိုင်ဇာမြို့တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်ဌာနချုပ်ရုံး (Dai Lawn Rung) မှ ကြီးမှူး၍ ပထမအကြိမ် ရက်ပေါင်း (၉၀) အခြေခံစစ်သင်တန်းဆင်းပွဲတခုကို မုန်းဆိုင်ယန် (Mung Seng Yang) ရှိ စစ်သင်တန်းပို့ချရေး (Hpyen Sharin Shakyang gawknu) ခမ်းမတွင် မေလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည်။
အဆိုပါ အခြေခံ စစ်သင်တန်းကို ယခင်က သင်ကြားမှုကာလ ရက်ပေါင်း ၆၀ ကန့်သတ်ထားရာမှ ယခုအခါ ရက်ပေါင်း ၉၀ အထိ တိုးမြှင့်၍ ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း တပ်ဖွဲ့ဝင်များကပြောသည်။
“ကျောင်းသင်တန်း ကာလ ရက်ပေါင်း များတာနဲ့ နည်းတာ အလွန်အင်မတန်ကွာပါတယ်။ တလောကမှ ဆင်းသွားတဲ့ ၄၅ ရက်သင်တန်းကျောင်းသားတွေနဲ့ ရက်ပေါင်း ၆၀ ဆင်းတဲ့ ကျောင်းသားများ လှုပ်ရှားမှု၊ နာခံမှု၊ ရုပ်သွင်ပြင်ကို ကြည့်ပြီး တိုးလိုက်တာဖြစ်တယ်” ဟု KIA စစ်ဗိုလ်တစ်ဦးက ပြောသည်။
ထိုသင်တန်းကို ဧပြီလ ၁ ရက်နေ့မှ စတင်ခဲ့ခြင်းဖြစ်ပြီး ၄င်းအခြေခံစစ်သင်တန်းဆင်းသူများသည် သက်ဆိုင်ရာစစ်ဌာန အသီးသီးများသို့ ဆက်လက် စစ်မှုထမ်းဆောင်သွားရန်ဖြစ်ပြီး အသက်ရွယ်အားဖြင့် လူငယ်၊ လူလတ်နှင့် လူကြီးပိုင်းဖြစ်ကြပြီး သင်တန်းတွင် လူသစ်များအပြင် စစ်မှုထမ်းနေဆဲ သင်တန်းမရသေးသောသူများလည်း တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ကျောင်းသားတစ်ဦးပြောသည်။
“ကျွန်တော်တို့က အခြေခံစစ်သင်တန်းကျောင်းဆင်း သူတွေဖြစ်တဲ့အတွက် ရိုးရိုး သာမန်ပြည်သူ တွေနဲ့မတူတော့ဘူး။ အမျိုးနဲ့ဇာတိဂုဏ်ကို ကာကွယ်ဖို့၊ တိုင်းပြည်ကိုချစ်မြတ်နိုး ကာကွယ်ဖို့တာဝန် ရှိသွားပြီ” ဟုပြောသည်။
ကျောင်းဆင်းပွဲအခမ်းအနားတွင် G-1 (Lat Du Up Jum) ဒုဗိုလ်မှူးကြီး ဇော်ဆိုင်း မှ အမှာစကား ပြောကြားသွားပြီး ထူးချွန်သော ကျောင်းသား/သူများအား ဂုဏ်ပြု အထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်းများပြုလုပ်သွားခဲ့သည်။
အဆိုပါ အခြေခံစစ်သင်တန်းတွင်တက်ရောက်သူများသည် ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်၊ ကျိုင်းတုံ ဒေသများမှဖြစ်ကာ သင်တန်းသား ၁၀၁ ယောက်၊ သင်တန်းသူ ၉ ယောက်နှင့် စုစုပေါင်း ၁၁၀ ယောက် ဖြစ်ကြောင်း သိရသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရတပ်များကြား ယခုချိန် ကချင်ပြည်နယ်အတွင်း တင်းမာမှုများ လျော့လာကာ တိုက်ပွဲများငြိမ်လာသောအချိန်ဖြစ်သော်လည်း ရှမ်းပြည်နယ်ဖက်တွင်မူ နှစ်ဖက်ပဋိပက္ခများ ဆက်လက်ရှိနေချိန်လည်းဖြစ်သည်။
ယခုလို KIO မှ စစ်သင်တန်းများ အကြိမ်ကြိမ် ပို့ချပေးနေခြင်းအားဖြင့် တပ်ဖွဲ့အတွက် အားကြီးစေသော်လည်း တစ်ဖက်တွင် တိုက်ပွဲစတင်ဖြစ်ပွားလာချိန်ကစ၍ လက်နက်ကိုင်တပ်များ၏ တပ်သားသစ်စုဆောင်းခြင်း၊ ပေါ်တာအဖြစ်အသုံးပြုမှုများ ရင်ဆိုင်နေရသော ကချင်လူထုအတွက်မူ ယခုချိန်ထိ စိုးရိမ်ကြောက်လန့်မှုဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံများပြောဆိုသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက်မှ ၃၀ ထိ ၃ ရက်တာ ကျင်းပခဲ့သော အစိုးရနှင့် KIO ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွင် လိုင်ဇာမြို့မှတက်ရောက်လာသော KIO ကိုယ်စားလှယ်များကို လူထုက အားရ၀မ်းသာကြိုဆိုမှုများရှိသကဲ့သို့ အချို့သောရှမ်းတိုင်းရင်းသား တစုမှာ တပ်သားစုဆောင်းမှုရပ်တန့်ရန် အပါအ၀င် ဆန္ဒပြတောင်းဆိုမှုအချို့ရှိခဲ့ကြောင်း ဒေသခံများပြောသည်။
ကချင်ပြည်နယ်တွင်နေထိုင်သော ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် ထိုကဲ့သို့ တောင်းဆိုမှုများဖြစ်ပေါ်လာပြီး တချိန်ထဲ၌ပင် KIO အားဆန္ဒပြသည့် သတင်းများထွက်ပေါ်နေသောကြောင့် အချင်းချင်းအငြင်းပွား စရာဖြစ်လာစေမည့် ဖန်တီးသူများသတိထားစရာဖြစ်လာသည်ဟုလည်း အဆိုပါအဖြစ်အပျက်ကို လေ့လာအကဲခတ်နေသည့် လူထုဖက်မှလည်း ပြောဆိုဝေဖန်နေကြသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment