Sunday, November 17, 2013

ကရင်လက်နက်ကိုင်အဖွဲ့များ ပူးတွဲ စစ်ရေးပြမည်

  မကြာမီကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့တွင် ကရင်ပြည်နယ်အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့များက ပထမဆုံးအကြိမ်အဖြစ် ပူးတွဲ စစ်ရေးပြအခမ်းအနား ကျင်းပကြမည်ဖြစ်သည်။
 
(သောကြာနေ့က ရွှေကုက္ကိုမြိုင်တွင် ဆွေးနွေးကြသည့် ကရင်တပ်မှူးများနှင့်ကရင်ပြည်နယ် ၅ မြို့နယ်မှ ဒေသခံလူထုကိုယ်စားလှယ်များ)




ကရင်လက်နက်ကိုင်အဖွဲ့အစည်း ၄ ဖွဲ့ဖြစ်သည့်
ကရင်အမျိုးသားအသည်းအရုံး KNU -
(ကရင်ပြည်နယ်) နယ်ခြားစောင့်တပ် BGF
ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC
ဟောင်သရောငြိမ်းချမ်းရေးအဖွဲ့ KPF
တို့က စစ်ကြောင်းတကြောင်းလျှင် စစ်သည် ၁၀၀ နူန်းဖြင့် ချီတက်ကာ စစ်ရေးပြကြမည်ဖြစ်သည်။

လာမည့် ဇန်န၀ါရီလတွင်ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကြီးကို ကရင်ပြည်နယ်မြ၀တီမြို့နယ်ရှိ ရွှေကုက္ကိုမြိုင်တွင် ကရင်တိုင်းရင်းသားများ၊ ဒေသခံ လက်နက်ကိုင် အဖွဲ့အစည်းများက ပူးပေါင်း ကျင်းပကြမည်ဖြစ်သည်။
ထိုအခမ်းအနားတွင် ပူးပေါင်းစစ်ရေးပြကြမည့်အစီအစဉ်ကို သက်ဆိုင်ရာတပ်ဖွဲ့များ၏ တပ်မှူးတို့ သောကြာနေ့က ကျင်းပသည့် ပွဲဖြစ်မြောက်ရေးအစည်းအဝေးတွင် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

ကျပ်ငွေ သိန်းပေါင်း ငါးထောင်ခန့် အကုန်အကျခံကာ ၎င်းပွဲတော်သည် ကမ္ဘာလုံးဆိုင်ရာ အကြီးမားဆုံး ကရင်နှစ်သစ်ကူးပွဲတော် ဖြစ်လာမည်၊ ပြည်တွင်းနှင့်နိုင်ငံတကာမှ ကရင်တိုင်းရင်းသားများ စုံညီစွာ တက်ရောက်နိုင်ရန် စီစဉ်ထားသည်ဟု ပွဲဖြစ်မြောက်ရေး ကော်မတီဝင်တဦးဖြစ်သည့် မန်းမျိုးမြင့်ကပြောသည်။

စစ်ရေးပြပွဲနှင့်အတူ ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲများ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲများ၊အားကစားပြိုင်ပွဲများ၊ကရင်ဇတ်ပွဲနှင့်ရိုးရာ ယဉ်ကျေးမှုဆိုင်ရာ တင်ဆက်မှုများ၊ ကရင်-မြန်မာခေတ်ပေါ်တေးဂီတ တင်ဆက်မှုများကို အခမဲ့ကြည့်ချင်ပွဲအဖြစ် စီစဉ်ထားသည်။

ပွဲတော်အတွင်း သတင်းရယူနိုင်ရန်အတွက် ပြည်တွင်းနှင့်ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံတကာသတင်းဌာနများမှ သတင်းထောက်များကိုလည်း ကြိုတင် ဖိတ်ကြားထားသည်ဟု သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီမှ စောမြင့်ဇော်က ပြောသည်။

ပွဲတော်လာသူများ၏ စားရေးသောက်ရေးအတွက် ပွဲတော်ကျင်းပရေးကော်မတီက ထမင်းဟင်းလျာများဖြင့် စတုဒီသာမဏဏ္ဍပ်တွင် အလွှာမရွေး မျဉ်းတပြေးဖြင့် ဧည့်ခံမည်ဟု ကျွေးမွေးရေးဆပ်ကော်မတီကပြောသည်။

ပွဲတော်၏ထူးခြားမှုတရပ်မှာ ကရင်ပြည်နယ်အတွင်းရှိ ကျေးလက်တောရွာ ပွဲလမ်းသဘင်များတွင် သူမပါလျှင်ပွဲမစည်သည့် လောင်းကစားဝိုင်းများကို ယခုကျင်းပမည့် ကရင်နှစ်သစ်ကူးပွဲတော်တွင် လုံးဝ ခွင့်မပြုကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီက သောကြာနေ့က ပြုလုပ်သည့်အစည်းအဝေးတွင် တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

 









Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment