Wednesday, December 25, 2013

နိုင်ငံတော်သမ္မတ ခရီးစဉ် ဒေသခံများနှင့် ဝန်ထမ်းများ ကြိုဆိုရ




ပုသိမ်မြို့ ကိုးသိန်း ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားသို့ သမ္မတဦးသိန်းစိန် လာရောက်ရာတွင် ဒေသခံများနှင့် ဒေသခံ ဝန်ထမ်းများ အခမ်းအနားသို့ တက်ရောက် ကြိုဆိုခဲ့ကြရသည်။
သမ္မတ၏ ပုသိမ် ခရီးစဉ်အတွက် ဒီဇင်ဘာလ ၂၃ ရက် နေ့လယ်ပိုင်းအချိန် ကတည်းက ရွာမှဒေးဒရဲသို့ ထော်လာဂျီဖြင့် သွားခဲ့ရပြီး ထိုမှ ပုသိမ်ထိ ကားဖြင့် လာခဲ့ရာ ညပိုင်းတွင်ရောက်ပြီး ကားပေါ်တွင် ညအိပ်ရကြောင်း၊ နံနက်ငါးနာရီတည်းက ကိုးသိန်း ဘောလုံးကွင်းသို့ ရောက်ရှိနေပြီး ယခုအချိန်ထိ မည်သည့် အစားအစာမျှ မစားရသေးကြောင်း ဖျာပုံခရိုင် ဒေးဒရဲ မြို့နယ်မှ ဒေသခံတစ်ဦးက ပြောကြားသည်။
“မအူပင်ကို လှေနဲ့လာရတယ်၊ မအူပင်ရောက်ပြီး ည ၁၁ နာရီလောက်ကျ ပုသိမ်ကို ကားထွက်တယ်၊ မိုးမလင်းခင်ရောက်တော့ ကားပေါ်မှာ အိပ်ရပြီး ဒီကွင်းထဲကို ငါးနာရီ ကတည်းက ရောက်နေတာ။ လူကြီးတွေက ကောက်ညှင်းပေါင်း လက်တစ်ဆုပ်စာလောက် လာကျွေးကြပါတယ်” ဟု မအူပင်ခရိုင် မလက်တို ကျေးရွာအုပ်စုမှ လယ်သမားတစ်ဦးက ဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၄ နာရီအရောက် စုရပ်ကို လာရမည်ဆို၍ နံနက် ၃ နာရီတွင် အိပ်ရာထ ပြင်ဆင်ရကြောင်း၊ ယူနီဖောင်းလည်း မဝတ်ရဘဲ အပြင်အဝတ်အစားဖြင့် သမ္မတ ကိုးနာရီ လာမည်ကို နံနက်ငါးနာရီ ကတည်းက ကွင်းထဲ၌ စောင့်နေရသဖြင့် ဆောင်းတွင်း နံနက်ပိုင်း၏ အအေးဒဏ်ကို ခံစားလိုက် ရကြောင်း၊ နေ့တွက်စရိတ် ပေးမည်ဟု သိရကြောင်း ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာ အလယ်တန်းပြ ဆရာမတစ်ဦးက ပြောကြားသည်။
“ကျွန်တော်တို့က သ/မ အသင်းဝင်လည်း မဟုတ်ဘူး၊ ဌာနဆိုင်ရာ ဝန်ထမ်းလည်း မဟုတ်ဘူး၊ ရပ်ကွက်နေ ပြည်သူတစ်ဦးပါဗျာ၊ ဘာမဆိုင်ညာမဆိုင် မနက်ငါးနာရီ ကတည်းက ဒီအခမ်းအနားထဲ ရောက်နေရတယ်” ဟု ပုသိမ်မြို့၊ အမှတ် (၁၄) ရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ခရိုင် ခြောက်ခုမှ ဒေသခံ များကို နေ့တွက်စရိတ်၊ ခရီးစရိတ်များ ထောက်ပံ့ပေးပြီး တက်ရောက် စေခဲ့ကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများကိုလည်း အရပ်ဝတ်ဖြင့်ပင် အခမ်းအနားသို့ တက်ရောက်စေခဲ့ကြောင်း၊ အခမ်းအနားနှင့် ပတ်သက်မှု မရှိသော ပုသိမ်မြို့ပေါ်ရှိ ဂေါပက အဖွဲ့များကိုလည်း မြို့မိမြို့ဖ အမည်ဖြင့် တက်ရောက် စေခဲ့ကြောင်း ပုသိမ်မြို့ရှိ ဒေသခံပြည်သူများက ပြောဆိုကြသည်။
“ဘာတွေ ပြောင်းတယ်ပဲပြောပြော အရင်ခေတ်က စနစ်ဟောင်းတွေ အကျင့်ဟောင်းတွေကတော့ မပြောင်းသေးပါဘူး” ဟု အငြိမ်းစား ကျောင်းအုပ်ဆရာကြီး တစ်ဦးက မှတ်ချက်ပေး ပြောဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ကျေးလက်နှင့် မြို့ပြနေ အခြေခံ ပြည်သူများအတွက် ဆောင်းသီးနှံ အသေးစားချေးငွေ ကျပ်သိန်းပေါင်း ၇၆၂,၁၁၅၊ ကျပ် သိန်းပေါင်း ၄၈၇,၈၃၈ ရှိ ထွန်စက် အပါအဝင် လယ်ယာသုံး စက်ကိရိယာ ၅၄၂ မျိုးကို အရစ်ကျ ရောင်းချပေးမည့်အပြင် ကျပ်သိန်းပေါင်း ၁၅၃၁၂၀ တန်ဖိုးရှိ ဆိုက္ကား၊ ဆိုင်ကယ်၊ အပ်ချုပ်စက်များနှင့် ကျပ်သိန်းပေါင်း ၁၆၄၉၅ တန်ဖိုးရှိ ရေလုပ်ငန်းသုံး ပစ္စည်းများကိုလည်း အရစ်ကျ ငွေချေ စနစ်ဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း၊ ယနေ့ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ သ/မအသင်းများသို့ ထုတ်ချေးငွေနှင့် အရစ်ကျ ရောင်းချမည့် ပစ္စည်းတန်ဖိုးမှာ ကျပ်သိန်းပေါင်း ရှစ်သောင်းကျော် ရှိကြောင်း သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment