Friday, June 19, 2009

ကရင်စစ်ပြေးဒုက္ခသည်တချို့ နေရပ်ပြန်


ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဒေသအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲဂယက်များ ကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာသည့် ကရင်စစ်ပြေးဒုက္ခသည် (၄,၀၀၀) ခန့်ထဲမှ ရွာသားအချို့ကို ယမန်နေ့က ဒီကေဘီအေ (၉၉၉) တပ်ဖွဲ့မှ လာရောက်ခေါ်ဆောင်ရာ ထိုင်းစစ်တပ်က ခွင့်ပြုခဲ့သည်။

မဲဆောက်မြို့ မြောက်ဘက် ကီလိုမီတာ (၁၁၀) ခန့်အကွာရှိ မဲ့စလေရွာသို့ (၉၉၉) ဒီကေဘီအေအဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူတဦးနှင့် နောက်ပါများသည် နယ်စပ်လုံခြုံရေး ယူထားသည့် ထိုင်းစစ်တပ်နှင့် လာရောက် ဆက်သွယ်ပြီး နေရပ်ပြန်ချင်သူများကို ခေါ်ဆောင်ရာ ထိုင်းဘက်ရောက်နေသည့် ကရင်စစ်ပြေးဒုက္ခသည် အိမ်ထောင်စု (၂၇) စုမှ လူဦးရေ (၉၉) ဦးသည် ၎င်းတို့ဆန္ဒအရ ဒီကေဘီအေအဖွဲ့များနှင့် မြန်မာဘက်သို့ ပြန်လိုက်သွားကြသည်။

ပြန်လိုက်သွားသူ ဒုက္ခသည်တဦးက “ငါတို့ကတော့ ဒီကေဘီအေဖြစ်ဖြစ်၊ ကေအန်ယူဖြစ်ဖြစ် ငါတို့နဲ့မဆိုင်ဘူး။ ငါတို့အားလုံး ရွာသားတွေချည်းပဲ။ သူတို့က အာမခံပြီး လာခေါ်လို့ ငါတို့ပြန်လိုက်တာဖြစ်တယ်” ဟု ပြောသည်။

မိမိဆန္ဒဖြင့် နေရပ်ပြန်လိုသည့် စစ်ပြေးဒုက္ခသည်များအား ထိုင်းဘက်မှ အကူအညီပေးဆောင်ရွက်လျက် ရှိသော်လည်း အတင်းအဓမ္မပြန်ပို့ခြင်း ပြုလုပ်မည်မဟုတ်ဟု သိရသည်။

ယခုလဆန်း (၂) ရက်နေ့မှ စတင်ကာ နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့များက တပ်မဟာ (၇) ဘားအံခရိုင် ဒေသအား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည်မှာ လ၀က်ကျော်သွားပြီး နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ ချိန်တွင် ဒီကေဘီအေ၏ အစီအစဉ်ဖြင့် ယမန်နေ့မွန်းလွဲပိုင်းက နေရပ်ပြန်သွားကြသည့် စစ်ပြေးဒုက္ခသည် (၉၉) ဦး တို့မှာ ပထမဆုံး နေရပ်ပြန်ကြသည့် အသုတ်ဖြစ်သည်။

ထိုင်းနိုင်ငံအနေဖြင့် ကရင်စစ်ပြေးဒုက္ခသည်များအား ဒုက္ခသည်များအဖြစ် လက်ခံမည်မဟုတ်ဘဲ နယ်မြေအေးချမ်းသွားပါက ၎င်းတို့ကို နေရပ်ပြန်ပို့မည်ဖြစ်သည်ဟု ထိုင်းစစ်တပ် အမှတ် (၃) တိုင်းမှူးက ပြောကြားထားပြီး ဖြစ်သည်။

နောင်ဘိုး ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ပိုင်ကျုံမြို့နယ်မှ ဒုက္ခသည်တဦးက “ဒီလို မရေမရာ အနေအထားနဲ့ ကျနော်တို့ကတော့ ကိုယ့်ရွာကို မပြန်ရဲသေးဘူး။ သေချာ ရေရာတဲ့ အခြေအနေကြည့်ပြီးမှ ပြန်လို့ရဲမယ်။ တိုက်ပွဲတွေက နေ့တိုင်းဖြစ်နေတော့ အရမ်းပြန်လို့မရဲသေးဘူး” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်အတွင်းရှိ ယာယီကယ်ဆယ်ရေးစခန်း (၃) ခုဖြစ်သည့် နောင်ဘိုး၊ အူးသူးထာ့နှင့်မဲ့စလေ စသည့် ကျေးရွာ (၃) ခုတွင် ကရင်စစ်ပြေးဒုက္ခသည် (၄,၀၀၀) ခန့်ကို ထိုင်းဘက်မှ ယာယီ ခိုလှုံခွင့်ပေးထားသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment