Saturday, March 5, 2011

ကြွေပျက် လမ်းပြကြယ်

“ကိုကျော်ရေ အဖိုးမန်းစတီးလာ တော့ ဆုံးသွားရှာပြီ၊ ဒီကနေ့ အလုပ်အကိုင်နေ့၊ မနက်ဖြန် အသုဘ ချကြလိမ့်မယ် ။” လွန်ခဲ့တဲ့ နှစ်ရက်က ညသန်းခေါင် ကွန်ပြူတာ ရှေ့ စာတွေ စီနေတုန်း ဝင်လာခဲ့တဲ့ မဲလ ခိုလှုံရာ စခန်းက ဖုန်းခေါ်သံရဲ့ ယူဆောင်လာခဲ့တဲ့ သတင်း စကားပါ ။ တဝက်တပျက် မျှော်လင့်ထားပေမယ့် ဒီလောက် စောမယ်တော့ မထင်မိခဲ့ပါ ။
ဦးဇဋိလလို့ အမည်တွင်တဲ့ အဖိုးဟာ မန်းစတီးလာ (Mahn Steela) လို့ လူသိများပြီး အသက်မတိမ်း မယိမ်းများ ကတော့ စိုးသိန်းလို့ သိကြပါတယ်။ ကျနော့်မိခင်ထက် အတန်းတစ် တန်းကြီးပြီး မော်လမြိုင် ကောလိပ်မှာ ကတည်းက စာပေယဉ်ကျေးမှု ကရင်လူငယ် လှုပ်ရှားမှုတွေကို လုပ်ကိုင်နေခဲ့သူ ဖြစ်ပါတယ် ။
KNU ဒုတိယမျိုးဆက်လို့ ပြောရမယ့် အဖိုးဟာ နောက်ဆုံး အချိန်ထိ တာဝန်အမျိုးမျိုး အဆင့်ဆင့်ကို တတပ်တအား ကျေပွန်အောင် လုပ်ကိုင်ခဲ့ပြီး လူငယ်တွေ ကိုလည်း စာပေ ယဉ်ကျေးမှု အပိုင်း အပါ အဝင် လမ်းညွှန်မှုတွေ ပေးခဲ့သူ တစ်ဦး ဖြစ်ပါတယ် ။ (http://www.kicnews.org/?p=4934 )
ထိုင်းနိုင်ငံမှာ နေထိုင်စဉ်အတွင်း တွေ့ဆုံခဲ့ရတဲ့ အချိန်ကာလ တိုတိုလေးမှာ တံခါးမရှိဒါးမရှိ ဝင်ထွက် သွားလာခွင့်အပြင် အချိန်ယူပြီး လက်ခံစကားပြော လမ်းညွှန်ပေးခဲ့တာကြောင့်လည်း ကျနော့်အတွက် ဗဟုသုတ အမြင်တိုးပြီး အားတက်စေခဲ့တဲ့ လမ်းပြကြယ်တစ်ပွင့်ပါ ။
ရဟန်းဝတ်နဲ့လည်း ကရင့်တော်လှန်ရေး ခရီးကို ချီတက်ခဲ့သူပါ။ 
ဒီကေဘီအေကိစ္စနဲ့ပတ်သက်လို့လည်း ဗုဓ္ဒဘာသာထဲ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ် သက်နေခဲ့သူ ဖြစ်ပေမယ့် “KNU လို ခိုင်မာတဲ့ တွေးခေါ်ဖွဲ့စည်းပုံ၊ ခံယူချက်၊ အစဉ်အလာတွေရှိတဲ့ အဖွဲ့ကိုစွန့်ပြီး မူဝါဒခိုင်ခိုင် မာမာ မရှိတဲ့ အဖွဲ့တစ်ဖွဲ့ နောက်လိုက်ဖို့ မဖြစ်နိုင်ဖူး” လို့ ပြောခဲ့တဲ့ အရှည်နဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေးခဲ့သူ တစ်ယောက် ဖြစ်ပါတယ် ။ သင်္ချာဘာသာနဲ့ ဘွဲ့ရခဲ့တဲ့ ပညာတတ် တစ်ယောက်ပီပီ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေးနဲ့ အခြားကဏ္ဍ အတော်များများမှာ ပါဝင်ပတ် သက်နိုင်ခဲ့ သူလည်း ဖြစ်ပါတယ် ။ (ထင်ရှားတဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းပွဲ အတော် များများမှာလည်း ပါခဲ့ပြီး ENC က ထုတ်တဲ့ စာအုပ်တွေမှာ သူရဲ့ဓါတ်ပုံတွေကို ဖဒိုမန်းရှားတို့နဲ့ အတူ တွေ့နိုင်ပါတယ်)
   အခုတော့ လူငယ်တွေကို လက်ဆင့်ကမ်းတာဝန်တွေယူကြဖို့ အားပေးနေခဲ့တဲ့ အဖိုး မရှိတော့ပါဘူး ။ အားကိုး အားထားရာ လမ်းပြကြယ်တစ်ပွင့် ကြွေပျက်သွားသလို ခံစားရပါတယ် ။ တကယ့်ကို ဖြစ်သင့် တဲ့ အဖိုးရဲ့ဆန္ဒတွေကို ဘယ်သူတွေက ပြည့်အောင် ဖြည့်ဆည်းလေမလဲ ။ အဖိုးအတွက် ဆုတောင်း ပေးပါတယ် ၊ လူငယ်တွေ အတွက်လည်း ဆုတောင်း ပေးပါတယ် ၊ တောထဲက သွေးရင်း သားရင်းတွေ
အတွက်လည်း ဆုတောင်းပေးပါတယ် ၊ လူသားအားလုံး အတွက်လည်း လိုရာဆုတွေ ပြည့်စေဖို့ ဆု တောင်းပေးလိုက်ပါတယ်။

သတိတရ
မန်းကိုကို
၀၉၊ ၀၂၊ ၂၀၁၁
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment