Tuesday, July 19, 2011

ပထမဆုံးအကြိမ် တိုင်းရင်းသား လူမျိုးများ ပူးပေါင်း ဆောင်ရွက်ရေး နှီးနှောဖလှယ်ပွဲ ကနေဒါနိုင်ငံတွင် ပြုလုပ်

မောင်ရမ္မာ
----------
ကနေဒါနိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံမှ တိုင်းရင်းသားများက တိုင်းရင်းသားလူမျိုးပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး နှီးနှောဖလှယ်ပွဲတခုကို ဇူလိုင်လ ၁၆ ရက်နေ့က ကနေဒါနိုင်ငံ ဘင်ကူဘာ (Vancouver) တွင် ပထမဆုံး အကြိမ် ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲကို Burma Ethnic Nationalities က စည်းရုံးကာ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဆွေးနွေးပွဲမှ တိုင်းရင်းသားလူမျိုးများ လူမှုရေးအဖွဲ့ Burma Ethnic Nationalities Cluture (BENC) ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်ဟု သိရသည်။ 
ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ကရင်အမျိုးသားတဦးဖြစ်သော မန်းဘီဒူက ယခုကဲ့သို့ နိရဉ္စရာသို့ ပြောသည်။

" ကျွန်တော်တို့ ကျင်းပရတဲ့ ရည်ရွယ်ချက်က ဗမာပြည်က ထွက်ခွါလာခဲ့ကြတဲ့ တိုင်းရင်းသားတွေ အားလုံး ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညွတ်မှုကို တည်ဆောက်ဖို့ အတွက်ရယ်၊ ပီးရင် ပူးပေါင်း ဆောင်ရွက်မှု တည်ဆောက် ဖို့ အတွက်ရယ်၊ နောက်တစ်ခုက တိုင်းရင်းသား ဒေသတွေမှာ စစ်အစိုးရက ထိုးစစ် ဆင်နေတာကို ရှုတ်ချဖို့နဲ့ တိုင်းရင်းသားတွေကို စိတ်ဓါတ် ရေးရာ အရ အားပေးကူညီဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ခုလို ကျင်းပ ရတာဖြစ်ပါတယ်။"

အဆိုပါ ဆွေးနွေးပွဲတွင် တိုင်းရင်းသား လူမျိုးများအနေဖြင့် အနာဂတ် စာပေ၊ ယဉ်ကျေးမှု နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်ရန်နှင့် ပိုမိုမြှင့်တင်ရန်၊ တိုင်းရင်းသားများ ပိုမို စည်းလုံး ညီညွတ်မှု ရရှိအောင် လုပ်ဆောင်သွားရန် ရည်ရွယ်ချက် များဖြင့် တိုင်းရင်းသား လူမျိုး ၇ မျိုးအထဲမှ လူငယ် ၂၇ ယောက်ကို ရွေးချယ်ကာ တိုင်းရင်းသား လူမျိုးများ လူမှုရေးအဖွဲ့ တစ်ခုကို အောင်မြင်စွာ ဖွဲ့စည်း နိုင်ခဲ့သည်ဟု သိရသည်။

တိုင်းရင်းသားလူမျိုးများ လူမှုရေးအဖွဲ့အနေဖြင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် အခြေအနေကိုလည်း ကိုမန်းဘီဒူက ယခုကဲ့သို့ ပြောသည်။

" ဟုတ်ကဲ့။ အနာဂတ်မှာ ပြည်ပရောက်နေကြတဲ့ တိုင်းရင်းသားအချင်းချင်း လက်တွဲပြီးတော့သော်၎င်း၊ နယ်စပ်မှာ ရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အချင်းချင်း လက်တွဲပြီးတော့သော်၎င်း၊ ပြည်တွင်းမှာ ရှိတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းလူထုတွေ လက်တွဲပြီးသော်၎င်း အားလုံး အချိတ် အဆက် ရှိရှိ ကျွန်တော်တို့ ပန်းတိုင်အသီးသီး ရောက်နိုင်ဖို့အတွက် ကူညီသွားကြဖို့ ကျွန်တော်တို့မှာ အစီအစဉ် ရှိပါ တယ်။"

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံမှ ရောက်ရှိနေကြသော ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရှမ်း၊ မွန်နှင့် ရခိုင် တိုင်းရင်းသားပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

အခမ်းအနားကို နေ့လည် ၁၂ နာရီတွင် စတင်ခဲ့ပြီး အဖွင့် မိန်းခွန်းစကားကို ချင်းတိုင်းရင်းသားတဦးဖြစ်သူ ကို ဟန်စုမွန်က ပြောကြားပြီး နောက်ဆုံးပိတ်ပွဲ မိန်းခွန်းကို ရခိုင်တိုင်းရင်းသားတဦးဖြစ်သူ ကိုစိန်အောင်သန်းက ပြောကြားကာ ဆွေးနွေးပွဲကို ညနေ ၅ နာရီတွင် အောင်မြင်စွာ အဆုံးသတ်ခဲ့သည်ဟု သိရသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment