Sunday, February 5, 2012

ကြိုဆိုပွဲ မတက်ရောက် နိုင်ခဲ့သည့် အပေါ် စိတ်မကောင်း ဖြစ်မိ ကြောင်း ကေအဲန်ယူ စာရေးသား ပေးပို့

အဲခေါင်သောင့်၊ ဇန်န၀ါရီ ၅ရက်၊ ၂၀၁၂ခုနှစ်
ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ၏ အပြန်ခရီးအတွင်း  ဖားအံ ကရင်လူထု၏ ကြိုဆိုရေး အခမ်းအနားသို့  ၀င်ရောက် မဆင်နွဲနိုင်ခဲ့ သည့်အပေါ် စိတ်မကောင်း ဖြစ်မိပါကြောင်း မနေ့က သက်ဆိုင်သူများထံ ကေအဲန်ယူက တရားဝင် စာရေးသား ပေးပို့လိုက်သည်။

ဖားအံ ကရင်လူထု မျှော်ရကျိုး မနပ် ခဲ့ရသည့် ကေအဲန်ယူ ငြိမ်း ကိုယ်စားလှယ်တော်ကြီးများ
"ကျနော်တို့ သွားကတည်းက ဖားအံက ဦးပညာသာမိနဲ့ တွေ့တော့ အပြန်ခရီးမှာ ကြိုဆိုပွဲ လုပ်ပေးမယ့် အကြောင်းပြောတယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ၀န်ကြီး ဦးအောင်းမင်းကို  ပြောပြတော့ ဦးအောင်မင်းက ဟာ ရတယ် အပြန်ကျရင် စီစဉ်ပေးမယ်  ဆိုပြီး ပြန်လာတဲ့ အခါကျတော့ ဖားအံမှာတောင် မရပ်ပဲ တိုက်ရိုက်ပဲ ကျနော်တို့ကို ပြန်ပို့လိုက်လို့ အခုလို လွဲရခြင်း ဖြစ်တယ် "ဟု အမည်မဖော်လိုသည့် ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ် တဦးက ပြောဆိုသည်။ 

 "ဒါကြောင့် အဲဒီက ကရင်လူထုတွေ သဘောပေါက် နားလည်အောင် ကေအဲန်ယူက တရားဝင် စာရေးသား ပေးပို့လိုက်တာ ဖြစ်တယ်။ သူတို့က ကြီးကြီးကျယ်ကျယ်နဲ့ စီစဉ်ထားပြီးတော့ ကျနော်တို့ကို တွေ့ဖို့ မျှော်လင့်ချက် တကြီးနဲ့ ရှိခဲ့ကြတယ်။ အာဏာပိုင်တွေက ချက်ချင်းကြီး ကျနော်တို့ကို ပြန်ပို့တော့ အားလုံး လွဲသွားရတာပေါ့။ အဲဒီအတွက် စိတ်မကောင်း ဖြစ်ရပါတယ် "ဟု ၄င်းက ဆက်ပြီးဆိုသည်။

ထို့အပြင် ကေအဲန်ယူမှ တရားဝင် ပေးပို့သည့် စာတွင်လည်း ကရင်လူထု စီစဉ်သည့် ကြိုဆိုပွဲကို လေးစားမိပါကြောင်း၊ ခရီးစဉ်ကာလအတွင်း မြန်မာ အာဏာပိုင်များ၏ အစီအစဉ်ဖြင့် ခရီး သွားလာခဲ့ရခြင်း ဖြစ်ကြောင်း၊ ယခုလို ကြိုဆိုပွဲ မတက်ရောက် နိုင်ခဲ့သည့်အပေါ် စိတ်မကောင်း ဖြစ်ရပါကြောင်းနှင့် ဦးစီး စီစဉ်ခဲ့သည့် KPCအဖွဲ့ နှင့် ထပ်မံ တွေ့ဆုံနိုင်ဖို့ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရေးသား ဖော်ပြထားသည်။

အဆိုပါ ကြိုဆိုပွဲ အခမ်းအနားကို ဖားအံမြို့အနီး တောင်ကလေး ဆရာတော်ဟု လူသိများသည့် အရှင် ဦးပညာသာမိနှင့် ကရင် ရပ်မိရပ်ဖများက စီစဉ်ထားခြင်း ဖြစ်သည်။ အရှင် ဦးပညာသာမိသည် ကရင်လူမျိုးများ အချင်းချင်း စည်းလုံးညီညွှတ်ရေးနှင့် မြန်မာပြည် ငြိမ်းချမ်းရေးကို ရှေးရှု၍ Karen Peace Committee-KPC အဖွဲ့ကို ဦးစီး တည်ထောင်ခဲ့သူ ဖြစ်ပြီး ယခင်က ငြိမ်းချမ်းရေးအတွက် ကေအဲန်ယူ ထိပ်ပိုင်း ခေါင်းဆောင်နှင့် လာရောက် တွေ့ဆုံခဲ့ဖူးသည်။

ကရင် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်လူထုတို့ တွေ့ဆုံခွင့် မရခဲ့သည်အပေါ် ပြည်တွင်း ပြည်ပ ကရင်လူထုက ထင်မြင်ချက် အမျိုးမျိုး ပေးခဲ့ကြသည်။

"ဒါကတော့ ရှင်းရှင်းလင်းလင်းပဲလေ။ ကျနော်တို့ စည်းလုံးသွားမှာ ပူးပေါင်းသွားမှာကို ဒီလက်ရှိ အစိုးရက မလိုလားလို့ပါပဲ။ တမင်သက်သက်ကို မတွေ့နိုင်အောင် လုပ်လိုက်တာပါ။ ခေတ်အဆက်ဆက်ကလည်း ဒီလိုပဲ။ ကျနော်တို့ လူမျိုးတွေ ညီညွတ်သွားမှာကို သူတို့အရမ်းကြောက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချင်းချင်း နားလည်မှုတွေ ပါးနပ်မှုတွေ ရှိဖို့ လိုပြီး"" ဟု နိုင်ငံတကာရောက် ကရင်တဦးက ဆိုသည်။



Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

1 comments:

manangaw said... at February 6, 2012 at 7:28 AM

နေပြည်တော်ကလက်ဆောင်ပစ္စည်းတွေများနေတော့ မြန်မြန်ပြန်ချင်တာလဲပါမယ်ထင်ပါတယ်

Post a Comment