Tuesday, February 7, 2012

ကရင့်နယ်ခြားစောင့် တပ် ကုမ္ပဏီ များ ဖားအံ စက်မှုဇုံတွင် ရင်းနှီးမြုပ်နှံခဲ့ကြ

အဲခေါင်သောင့်၊ ဖေဖော်ဝါရီလ ၈ရက်၊ ၂၀၁၂ခုနှစ်။

 တချိန်က ဒီကေဘီအေ ယခုတော့ နယ်ခြားစောင့်တပ် အမည်ခံ စီးပွားရေး သမားများ
ဝဲမှယာ ဗိုလ်မုတ်သုံ၊ ဗိုလ်ချစ်သူ (ချစ်လင်းမြိုင် ကုမ္ပဏီ)၊ ဗိုလ်မှူးဘသိန်း (သိန်းလင်းမြိုင်ကုမ္ပဏီ)်ီ

ကရင်ဒေသအတွင်း တည်ဆောက်မည့် ဖားအံ စက်မှုဇုံတွင် ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင်များ၏ ကုမ္ပဏီများ ရင်းနှီးမြုပ်နှံခဲ့ကြသည်ဟု သိရှိရသည်။

အဆိုပါ စက်မှုဇုံတွင် ဒီကေဘီအေကနေ နယ်ခြားစောင့်တပ် အသွင်ပြောင်းခဲ့သူ ဗိုလ်မှူး ဘသိန်း၏ သိန်းလင်းမြိုင် ကုမ္ပဏီက ဟိုတယ်နှင့် ဂေါက်ကွင်း၊ အထည်ချုပ် စက်ရုံနှင့် အချိုရည် စက်ရုံတို့ကို လုပ်ကိုင်ရန် အခြားကုမ္ပဏီများနှင့်အတူ ရင်းနှီးမြုပ်နှံခဲ့ကြပြီး အခြေခံ စက်ရုံအချို့ကို တည်ဆောက်ရန် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက အုပ်မြစ်ချခဲ့သည်ဟု ဒေသခံတဦးက ပြောဆိုသည်။

"ဗိုလ်မှူး ဘသိန်းက အခု အထည်ချုပ် စက်ရုံကို  စလုပ်တော့မယ်။ သူလုပ်တဲ့ ကရင်နှစ်သစ်ကူးပွဲမှာ သူ့ဆီမှာ ဒုံးလာကတဲ့ လူတွေကို အဲဒီစက်ရုံတွေမှာ အလုပ်ပြန်ခန့်မယ်လို့ သတင်းထွက်နေတာပဲ။ နောက်ပြီး ဟိုတယ်လုပ်ငန်းကိုလည်း စတင်ဖို့ ရှိပါတယ်။ သူ့ကုမ္ပဏီကတော့ ကရင်ပြည်နယ်မှာ ဆိုရင် နည်းနည်း ကြီးတဲ့ ကုမ္ပဏီပေါ့။ အဲဒါကြောင့် အဲဒီလုပ်ပိုင်ခွင့်ကို ရတာ"ဟု ဒေသခံတဦးက ပြောဆိုသည်။

ဘားအံစက်မှုဇုန်ကို ဇုန်လေးပိုင်း သတ်မှတ်ထားပြီး ဇုန်-၁ ကို နိုင်ငံခြားမှ လာရောက် ရင်းနှီး မြှုပ်နှံမည့် သူများ အတွက် လည်းကောင်း ဇုန်-၂ ကိုမူ ပြည်တွင်း  လုပ်ငန်းရှင် များအတွက် လည်းကောင်း ဇုန်-၃ ကို ကရင်ပြည်နယ် ဒေသခံ ရင်းနှီးမြှုပ်နှံသူများအတွက် လည်းကောင်း ဇုန်-၄ မှာမူ ကရင်ပြည် နယ် မြိုင်ကြီးငူ ဒေသမှ အဖွဲ့များအတွက် လည်းကောင်း သတ်မှတ် ထားသည်ဟု သိရသည်။

အဆိုပါ ဇုံ ၄တွင် ဗိုလ်မှူးဘသိန်း၏ သိန်းလင်းမြိုင်ကုမ္ပဏီ အပါအ၀င် မြိုင်ကြီးငူ အထူးဒေသမှ အဖွဲ့များအတွက်ဟု အစိုးရက သတ်မှတ်ထားကာ အကွက်ပေါင်း ၃၂၄ ကွက်နှင့် အကျယ်အ၀န်း ၉၉ ဧက ရှိသည်ဟု ဆိုသည်။

ဗိုလ် မှူး ဘသိန်းသည် နယ်ခြားစောင့်တပ် အသွင်မပြောင်းခင်က ဒီကေဘီအေအဖြစ် မြိုင်ကြီးငူဒေသတွင် စီးပွားရေး တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်း အပြီးတွင်လည်း ဗိုလ်မှူးကြီးဘိ ဦးဆောင်သည့် နယ်ခြားစောင့်တပ် ၁၀၁၂၏ စီးပွားရေး တာဝန်ခံအဖြစ် ဆက်လက် တာဝန်ယူခဲ့သည်။

လွန်ခဲ့သည့် နှစ် ဇွန်လက ဗိုလ်မှူးကြီးဘိနှင့် တပ်ဖွဲ့ဝင် အများအပြား ဒီကေဘီအေ တံဆိတ် ပြန်လည် တပ်ဆင်ပြီး နယ်ခြားစောင့်တပ် လက်မခံသည့် အချိန်တွင် ဗိုလ်မှူး ဘသိန်းသည် နယ်ခြားစောင့်တပ် အဖြစ်သာ ရပ်တည်ကာ စီးပွားရေးကို တစိုက်မှတ်မှတ်ဖြင့်ပင် ဆက်လက် လုပ်ကိုင်ခဲ့သည်။

ဗိုလ်မှူးဘသိန်းသည် စီးပွားရေး လုပ်ပိုင်ခွင့်များကြောင့် တဖြည်းဖြည်း ချမ်းသာလာပြီး အခွင့်ထူးခံ ဖြစ်လာသော်လည်း မည်သည့် ခံစားခွင့်မှ မရကြသည့် သူလက်အောက် ငယ်သားတွေ၏ လုပ်ကြံမှုတခု လွန်ခဲ့သည့်နှစ် မေလက ထီလုံအရပ်တွင် ဖြစ်ပွားခဲ့သော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သူ ဖြစ်သည်။

ယခုအခါ ဗိုလ်မှူးဘသိန်းသည် ကရင်ပြည်နယ်တွင် သူဌေးစရင်းဝင် နေပြီး လောဘရမ္မက်ကြောင့် စီးပွားရေး လုပ်ပိုင်ခွင့် အမျိုးမျိုးကို လက်ဝါးကြီး အုပ်ချင်နေသည်ဟု ဒေသခံတွေက ဆိုသည်။

ထို့အပြင် ကရင်ဒေသအတွင်း အခြားစက်မှုဇုံတခုကို မြ၀တီဘက်တွင် အကောင်အထည် ဆက်ဖော်မည်ဟု အစိုးရ တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုနေပြီး အဆိုပါ စက်မှုဇုံတွင် ဗိုလ်မှူးဘသိန်း၏ သိန်းလင်းမြိုင် ကုမ္ပဏီအပါအ၀င် ကရင် နယ်ခြားစောင့်တပ်မှ ဗိုလ်ချစ်သူ၏ ချစ်လင်းမြိုင်ကုမ္ပဏီနှင့် ဗိုလ်မုတ်သုန်တို့ ၏ ကုမ္ပဏီတွေ လုပ်ပိုင်ခွင့်တွေ ရရှိနိုင်သည်ဟုလည်း သုံးသပ်ပြောဆိုနေကြသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment