Tuesday, September 4, 2012
ကရင်ဒေသအတွင်း ပုဒ်မ ၁၇/၁ မရှိတော့ကြောင်း ဦးအောင်မင်း၏ ပြောဆိုမှုအပေါ် ကရင်ပြည်သူတွေ အယုံအကြည်မဲ့နေ
အဲခေါင်သောင့်၊ စက်တင်ဘာလ ၅ရက်၊ ၂၀၁၂ခုနှစ် 
ကရင်ဒေသအတွင်း မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ၁၇/၁ မရှိတော့ကြောင်း ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၏ ပြောဆိုချက်အပေါ် ကရင်ပြည်သူများက အယုံအကြည် မရှိကြောင်း သိရှိရသည်။
 ကေအဲန်ယူနှင့် မြန်မာအစိုးရတို့ တတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်အတွင်း လူထုလိုလားသည့် ပုဒ်မ ၁၇/၁ ကို ဖြုတ်ပေးရန် လွှတ်တော်ကိုယ်စားလှယ် နန်းစေးအွာ၏ တောင်းဆိုမှုကို ၀န်ကြီးဦးအောင်မင်းက ကရင်ဒေသမှာ မရှိတော့ကြောင်း ပြောဆိုမှုနှင့် ပတ်သက်ပြီး ကရင်ပြည်သူများက ယခုလို တုန့်ပြန်ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။
 “၀န်ကြီးဦးအောင်မင်းက ကရင်ပြည်နယ်မှာ ပုဒ်မ၁၇/၁ မရှိတော့ဘူး ပါးစပ်နဲ့ သာ လွယ်လွယ်လေး ပြောလိုက်တာ။ တကယ်တော့ ပြည်သူတွေ သံသယရှင်း သွားအောင် သတင်းတွေထဲမှာ ထုတ်ပြန်ကြေညာ သင့်တယ်။ အဲဒီပုဒ်မနဲ့ ပတ်သက်ပြီး တစ်ချိန်က ကရင်တွေ ဖမ်းဆီးနှိမ့်စက်တာတွေ၊ သတ်တာမျိုးထိ ကျူးလွန်ခဲ့ကြပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့လဲ ထောင်ချခံရတာတွေလဲ အများကြီးပါပဲ"ဟု ကရင်အရေး လှုပ်ရှားသူတဦးဖြစ်သည့် စောလင်းနက်စ်(နည်းပညာ)က ပြောဆိုသည်။
 မတရားအသင်းနှင့် ဆက်သွယ်မှု ဆိုသည့် ပုဒ်မ၁၇/၁ကို စစ်အစိုးရ အဆက်ဆက်က ကရင်ဒေသအပါအ၀င် အများအား ဖြင့် တိုင်းရင်းသားဒေသတွင် ကျင့်သုံးခဲ့ပြီး အဆိုပါ ပုဒ်မနှင့် ညှိစွန်းပါက နှိမ့်စက်ညှင်းပန်းမှု အမျိုးမျိုးအပြင် ထောင်ဒဏ် အနည်းဆုံး ၂နှစ်ထိ ကျခံရသည်ဟုလည်း သိရသည်။
ဦးသိန်းစိန် အစိုးရ လက်ထက် ပုဒ်မ၁၇/၁ဖြင့် မတရား အဖမ်းခံရသူ ကချင်ပြည်သူတဦး(ဓါတ်ပုံ-KNG)
"၀န်ကြီးဦးအောင်မင်း ပြောလိုက်တာနဲ့ ပါတ်သက်ပြီး အဲဒါကို ကျနော်တို့ ကရင်တွေ သက်သေယူ ရမလား။ ဒါဆိုမတော်တဆ ၀န်ကြီးဦး အောင်မင်း ရာထူးကနေ မရှိတော့ရင် အဲဒီဥပဒေကို ဒီအတိုင်းပဲ ဆက်ရှိနေမှာပေါ့။ အခုလုပ်နေတဲ့ ငြိမ်းချမ်းရေး processes လုပ်ငန်းစဉ်တွေမှာ အစိုးဖက်က လေးလေးနက်နက် ပြောဆိုတာမျိုးဖြစ်ဖို့ လိုလိမ့်မယ်။ တကယ့်တိုင်းရင်းသား အခွင့်အရေးတွေကို တန်းတူဖြစ်အောင်စိတ်ဓာတ်အမှန် ရှိဖို့လိုလိမ့် မယ်။ နှစ်ဦးနှစ်ဖက် လေးလေးနက်နက် စိတ်ဆန္ဒရှိကြမယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ peace talk ဟာ ပိုပြီးပြည်သူအတွက် အနှစ်သာရ ပြည့်ဝပါလိမ့်မယ်"ဟုလည်း စောလင်းနက်စ်(နည်းပညာ) က ထောက်ပြ ပြောဆိုသွားသည်။
 အခြားကရင် အမျိုးသား တဦးဖြစ်သူ စောဝါး ဆိုသူကလည်း "ဒီ ပုဒ်မ၁၇/၁ဟာ ယခုချိန်မှာ လုံးဝ မရှိသင့်တော့ ဘူးလို့ထင်တယ်။ ဒီပုဒ်မကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကရင်ဒေသက ကရင်တွေ ဘယ်လောက်ခံခဲ့ရလဲဆိုတာ ကျနော်တို့ အသိဆုံးပါ။ ဒီပုဒ်မကြီး ရှိနေရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်နိုင်သလို ကရင်ပြည်သူတွေလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အယုံအကြည် ရှိမှာ မ ဟုတ်ပါဘူး"ဟု ပြောဆိုသည်။
 အမည်မဖော်လိုသူ ကရင်ဘုန်းတော်ကြီတပါးက "ထောင်ချတယ်ဆိုတာ တော်သေးတယ်လို့ ပြောရမလားမသိဘူး။ ဆရာတော် ငယ်ငယ်တုန်းကဆို လယ်တောထဲက တဲမှာ သွားနေတဲ့ အိမ်နားက ဦးတယောက် လမ်းကြုံလို့ ကရင်စစ်သားတွေ သူ့ရဲ့ တဲမှာ အနားယူခဲ့တာကို ဗမာစစ်သားတွေက သိတော့ သူပုန်နဲ့ ဆက်သွယ်တယ်ဆိုပြီး ခြေထောက်ကို ကြိုးချည်ပြီး ရွာအထိ ဒီအတိုင်းပဲ ဒရွတ်တိုက် ဆွဲလာခဲ့တယ်။ အမျိုးမျိုးလည်း နှိမ့်စက်တယ်။ တခါထဲ မပစ်သတ်ဘူး ရွာရောက်မှ ပစ်သတ်တယ်။ အဲလို အဖြစ်အပျက်မျိုး အများကြီးပါပဲ။ ဒါတွေကို အချိန်ယူပြီး ပြန်ကုစားဖို့ လက်ရှိ ဗမာစစ်တပ်မှာ တာဝန်ရှိပါတယ်။"ဟု သူ၏ အတွေ့အကြုံကို ပြောဆိုသည်။
ယခုအခါ တိုက်ပွဲ မရှိတော့သည့် ကရင်ဒေသအတွင်းတွင် ပုဒ်မ၁၇/၁ဖြင့် အဖမ်းခံရသူများ ရှိနေသေးကြောင်း သတင်း ထွက်ပေါ်လာခြင်း မရှိသော်လည်း တိုက်ပွဲ ပြင်းထန်သည့် ကချင်ပြည်နယ်ဘက်တွင် ပုဒ်မ၁၇/၁ ဖြင့် အဖမ်းခံရသူ အများအပြား ရှိသည်ဟု သိရသည်။
 ကချင်ပြည်နယ်ဘက်တွင် ပုဒ်မ၁၇/၁ဖြင့် မတရား အဖမ်းခံရသူများ၏ ကိစ္စနှင့်ပတ်သက်၍ မကြာမီလွှတ်တော်သို့ တင်သွင်းနိုင်ရန် အချက်အလက်များ စုဆောင်းနေဆဲဖြစ်သည်ဟု လွတ်တော် ကိုယ်စားလှယ်တဥိးဖြစ်သူ ဒေါ်ဒွဲဘူ (Daw Doi Bu) ပြောကြောင်း ကချင်သတင်းဌာနတွင် ဖော်ပြထားသည်။
လွန်ခဲ့သည့် ဇူလိုင်လက ကချင်ဒေသတွင် ပုဒ်မ ၁၇/၁ ကို ၀န်ကြီးဦးအောင်မင်းက ပယ်ဖျက်ခဲ့ ကြောင်း အင်တာနက်သတင်းများ တွင် ဖော်ပြနေသည့်အပေါ် မဟုတ်မှန်ကြောင်းနှင့် ပုဒ်မ ၁၇/၁ ကို မိမိ ဖျက်သိမ်း မရကြောင်း ဦးအောင်မင်းမှ လူသိရှင်ကြား တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ http://www.themyanmarpostglobal.com/?p=1055)
ထို့ကြောင့် ယခုလို ဦးအောင်မင်း၏ ပြောဆိုမှုသည် လေးလေးနက်နက် မရှိဟု ထင်မြင်ယူဆကြကြောင်း၊ သို့သော်လည်း သူ့စကားကို သူတာဝန်ယူရမည် ဖြစ်ကြောင်းနှင့် အပြောနှင့် အလုပ် ညီမညီကီု စောင့်ကြည့်နေကြောင်း လေ့လာသူများက ပြောဆိုခဲ့ကြသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:
0 comments:
Post a Comment