Friday, January 24, 2014

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးကို ဖြိုခွဲနေခြင်း

January 15, 2014 at 4:59pm
ဗိုလ်သန်းရွှေ ဦးဆောင်တဲ့ ဖက်ဆစ်စစ်အုပ်စုလက်ကိုင်တုတ်ကြံ့ဖွံ့အစိုးရဟာ နိုင်ငံရေးပွဲစားတချို့နဲ့ စားဖားသတ္တဝါ တချို့ကိုသုံးပြီး အပစ်အခတ်ရပ်စဲရေး-ငြိမ်းချမ်းရေးဆိုတဲ့ ပြယုဂ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အား စုကို အရှက်မရှိပြောင်ပြောင်တင်းတင်းဖြိုခွဲနေပြီ။

နောက်ကြောင်းပြန် အတိုချုံး ပြန်သုံးသပ်ရမယ်ဆိုရင်နဝတ/နအဖ စစ်အုပ်စုဟာ ၁၉၈၉-၁၉၉၅ ခုကစပြီး တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအတော်များများနဲ့ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးစကားပြောမယ်ဆိုပြီး တော့ နည်းမျိုးစုံနဲ့သပ်သျှိုဖြိုခွဲ လုပ်ခဲ့တယ်။ တချို့အဖွဲ့အစည်းများ နိုင်ငံရေး စစ်ရေး အတော်အထိနာသွားတယ်။နိုင်ငံရေးပြောချင်ရင် "အနာဂတ်အမျိုးသားနိုင်ငံရေးတွင် တပ်မတော်က အစဉ်တစိုက် ဦးဆောင်ပါဝင်ထမ်းဆောင်နိုင် ရေး" ဆိုတဲ့ဦးတည်ချက်နဲ့ အခြေခံမူ ၁၀၄ ချက် ချမှတ်တဲ့ အတုအယောင်အမျိုးသားညီလာခံတက်ရောက်စေခဲ့တယ်။ အဲဒီဦးတည်ချက်နဲ့ အခြေခံမူများအပေါ် ဘယ်အဖွဲ့အစည်းမှကျော်လွှားလို့မရ။နောက်ဆုံးတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၁၃ ဖွဲ့စုစည်းပြီး ဒီမိုကရေစီနဲ့တိုင်းရင်းသားတန်းတူရေးရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံမူတခုကို တင်ပြခဲ့တယ်။ ဒါပေမဲ့စစ်အုပ်စုက "မင်းတို့အဲဒါတွေရချင်ရင် တောထဲပြန်ဝင်ပြီးတိုက်ယူ" လို့ မိုက်ရိုင်းစွာကြိမ်းဝါးတာဘဲခံရပြီးအမှိုက်ပုံထဲရောက်သွားလို့ စိတ်ပျက်လက်ပျက်နိဂုံးချုပ်ခဲ့ရတယ်။

နအဖ စစ်အုပ်စုဟာ အနာဂတ်အမျိုးသားနိုင်ငံရေးတွင်တပ်မတော်က အစဉ်တစိုက် ဦးဆောင်ပါဝင် ထမ်းဆောင်နိုင် ရေး ဆိုတဲ့ဦးတည်ချက်အတိုင်း ပြည်သူတရပ်လုံးအပေါ်ဆက်လက်ကျွန်ပြုထားပြီး တိုင်းရင်းသားလူမျိုးစုများ အမျိုး ဖြုတ်ရေးဖြစ်တဲ့ ၂၀၀၈ ခုဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းပြဋ္ဌာန်းအတည်ပြုလိုက်ပြီးတာနဲ့ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းအားလုံးအကြွင်းမဲ့လက်နက်ချရေးဖြစ်တဲ့ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် နဲ့ ဌာနေပြည်သူ့စစ်အဖြစ်အသွင်ကူးပြောင်းရန် ၃ ကြိမ်တိုင်တိုင် ခြိမ်းချောက် ရာဇသံပေးလိုက်တယ်။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၂ ဖွဲ့ ၃ ဖွဲ့မှအပ လုံးဝလက်မခံဘဲ အာခံလိုက်တဲ့အတွက်အရှက်မရှိ လျှော့ထား လိုက်သယောင်ယောင်နဲ့ ဒီနေ့ အပစ်အခတ်ရပ်စဲရေး-ငြိမ်းချမ်းရေးဆိုတဲ့ခေါင်းစဉ်တပ်ကာ သွေးတိုးစမ်းပြီး နည်း မျိုးစုံနဲ့ သပ်သျှိုဖြိုခွဲနေတာကို အားလုံးအသိပင်ဖြစ်တယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေး ပြယုဂ်ဖြင့် ဖြိုခွဲခြင်း
ဗိုလ်သန်းရွှေ ဖက်ဆစ်စစ်အုပ်စု ကြိုးကိုင်ထားပြီးအရပ်သားအသွင်ယူစစ်အစိုးရဖြစ်တဲ့ ဦးသိန်းစိန်အစိုးရ တက်လာ တာနဲ့တပြိုင်နက် အပစ်အခတ်ရပ်စဲရေး-ငြိမ်းချမ်းရေးကနေပြည်ထောင်စုငြိမ်းချမ်းရေး ဆိုပြီး တလျှောက်လုံး အသံ ကောင်းဟစ်လာခဲ့တယ်။ အပစ်အခတ်ရပ်စဲခြင်း-ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုတာ ကမ္ဘာ့လူသားတိုင်း ကြိုက်နှစ် သက်ကြတာဖြစ်လို့ ကမ္ဘာ့ကုလသမဂ္ဂ နဲ့ နိုင်ငံတကာတို့ကလည်းချီးကျူးဂုဏ်ပြုကြတယ်။ ဥရောပအဖွဲ့ကလည်း ဒေါ်လာသန်း ၄၀ လောက်ကူညီသွားတယ် ဆိုတာလည်း ကြားရတယ်။

အဲဒီလိုသတင်းကြားရတာနဲ့ ဒီအထုပ်ကြီးကို လုစားဝေစားကြဖို့နိုင်ငံရေးပွဲစား ဟန်ယောင်ဝှေ၊ စားဖားများဖြစ်ကြတဲ့ မင်းဇော်ဦး၊ အောင်နိုင်ဦး၊ ညိုအုန်းမြင့်၊အောင်သူငြိမ်း၊ အင်ဒရူးငွန်ကျုံးလျံ၊ မန်းငြိမ်းမောင်တို့ဟာ ဦးသိန်းစိန်ဆီ သွားပြီးအရှက်မရှိ ခြေသလုံးသွားဖက်ကြတယ်။ ဒါကြောင့် ကျီးကဘုတ်ကိုရိုသေ၊ ဘုတ်ကိုကျီးကရိုသေဟန်ဆောင်ကြပြီး ဟန်ယောင်ဝှေကို တိုင်းရင်းသားအင်အားစုတွေ ၂၀၀၈ ခု ဖွဲ့စည်းပုံအောက် ခေါင်းငုံ့အညံ့ခံထည့်သွင်း ရေးကျွန်ပွဲစားကြီး အဖြစ်လည်းကောင်း၊ ကျန်စားဖားတွေကို နိုင်ငံရေး၊ စီးပွားရေး၊ဥပဒေရေး၊ ငြိမ်းချမ်းရေး အကျိုး တော်ဆောင်များ အဖြစ်လည်းကောင်း အထုပ်ကြီးကို ဝါးစေဝေစားကြတာပေါ်တင်ကြီးတွေ့ရှိရတာဖြစ်တယ်။

သမတအကြံပေး ဆိုတဲ့ စားဖားများကတော့ ဝန်ထမ်းအဆင့်တောင်မမှီဘူး၊ ဒါကြောင့် ဘာမှဝေဖန်သုံးသပ်စရာ တောင် မလိုဘူး။ ကောက်ရိုးမီးလောင်တဲ့အဆင့်တောင်မရှိဘူး။ လျှပ်တပျက်လျှပ်စီးတဲ့အရာလို မြင်တောင်မမြင် လိုက်ရဘဲ ပျောက်သွားမှာပါ။ ဒါပေမဲ့နာမယ်ပျက်သမိုင်းတရားခံအဖြစ်တော့ မှတ်တမ်းတင်ခံထားရမှာ သေချာတယ်။

တိုင်းပြည်သစ္စာဖောက် အမျိုးသားသစ္စာဖောက် သမိုင်းတရားခံဟာဘယ်သူလဲ
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသမတ ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်ရဲ့သား ဟန်ယောင်ဝှေ ဆိုတဲ့လူဟာ မိဘ မျက်နှာ၊ ဒီမိုကရေစီနဲ့တိုင်းရင်းသားတန်းတူရေးအတွက်တလျှောက်လုံးတိုက်ပွဲဝင်ခဲ့တဲ့ အစ်ကိုစဝ်ယူဂျင်းသိုက်ရဲ့ မျက်နှာ၊ ဗိုလ်နေဝင်း ၁၉၆၂ခု အာဏာသိမ်းစဉ်က အိမ်ထဲမှာ အချောင်ပစ်သတ်ခံရတဲ့ ညီငယ် စဝ်မီမီသိုက်ရဲ့မျက်နှာ တို့ကိုမထောက်ဘဲ၊ ဘနဖူး သိုက်တူးစားပြီး ဗိုလ်သိန်းစိန်၊ ဦးအောင်မင်းတို့နဲ့ အပေးအယူလုပ်တိုင်းရင်း သားအင်အားစုတွေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက် ဒူးထောက်ဝင်ဖို့ အသပြာပေးစည်းရုံးတာ၊တိုင်းရင်းသား အင်အားစုအတွင်းဝင်ရောက်ပြီး နည်းမျိုးစုံနဲ့ဖြိုခွဲနေတာ တွေ့ရတယ်။

ပြည်တွင်းတိုင်းရင်းသားအင်အားစုကို ဖြိုခွဲခြင်း
ပြည်တွင်းက တိုင်းရင်းသားနိုင်ငံရေးပါတီများဖြစ်ကြတဲ့ဒို့ညီနောင်ပါတီများကို အသပြာအထောက်အပံ့ပေးပြီး သမတ ဦးသိန်းစိန်ကို ခြံရံစေတယ်။ ကြံ့ဖွံ့ပါတီနဲ့တိုက်ရိုက်မဟုတ်လည်း သွယ်ဝိုက်နည်းနဲ့ လမ်းကြောင်းတည့်မတ်စေ တယ်။ ပြည်ထောင်စုတိုင်းရင်းသားများပါတီကခေါင်းဆောင်တဦးဖြစ်တဲ့ စောသန်းမြင့်ပြောတဲ့ 'လာမည့် ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲမှာပြည်ထောင်စုတိုင်းရင်းသားများပါတီဟာ မြို့နယ်တိုင်း ဝင်ရောက်ယှဉ်ပြိုင်မည်' လို့ ထုတ်ပြန်ပြောဆိုတာဟာ တိုင်းရင်းသားပါတီတွေအချင်းချင်းသော်လည်းကောင်း၊ ဒီမိုကရေစီပါတီများနှင့်သော်လည်းကောင်းမဲဆန္ဒ နယ် ညှိနှိုင်းလို့မရအောင် တိုင်းရင်းသားများရဲ့ စုစည်းညီညွတ်အင်အား ပြသလိုလိုနဲ့ကြံ့ဖွတ်ပါတီအကြိုက် လုပ် ဆောင်နေကြောင်း ပေါ်လွင်ထင်ရှားလွန်းတယ်။ အဲဒါကို အားလုံးသဘောပေါက်သတိရှိထားရမှာဖြစ်တယ်။ UNA မဟာမိတ်အဖွဲ့ချုပ်ဟာ UNLD ကပေါက်ဖွားလာပြီး အတွေ့အကြုံရင့်ကျက်တဲ့ပါတီတွေ ခေါင်းဆောင်တွေ ဖြစ်လို့ ဟန်ယောင်ဝှေအနေနဲ့ ဘယ်လိုမှစည်းရုံးသိမ်းသွင်းလို့မရဖြစ်နေတယ်။ ဒါကြောင့် ဒို့ညီနောင်အုပ်စုဟာ UNA အပေါ် နည်းမျိုးစုံနဲ့ ဆန့်ကျင်နေတာ နေ့စဉ်နဲ့အမျှတွေ့ရှိရတယ်။ အဲဒီဖြစ်စဉ် ဘယ်ကလာသလဲ၊ ရွှေသမင် ဘယ်ကထွက် မင်းကြီးတာ ဟန်ယောင်ဝှေဆီက ထွက်လာတာဘဲဖြစ်တယ်။

ဟန်ယောင်ဝှေဟာ ကမ္ဘာ့အာရပ်မူဆလင် ပသိုင်းမွှေးတွေဆီကအထုပ်ကြီးယူပြီး ရိုဟင်ဂျာဘင်္ဂါလီတွေအတွက်လည်း အရှက်မရှိ lobby လုပ်ပေးခဲ့သေးတယ်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကိုဖြိုခွဲခြင်း
ကြောင်ပါးဟန်ယောင်ဝှေက UNFC တိုင်းရင်းသားအင်အားစုဟာအဓိကအင်အားစုဖြစ်တယ်ဆိုတာ ကောင်းကောင်း သိတယ်။ အဓိကခေါင်းဆောင်ဖယ်ရှားရေးမှာ သူ့သြဇာခံလူငယ်လူရွယ်အင်အားတွေနဲ့အစားထိုးရမယ်ဆိုတာ NRP နဲ့ ENC အတွေ့အကြုံ နှစ်ပေါင်း ၂၀ လုံးလုံး ဉာဏ်နီဉာဏ်နက် လက်တွေ့ကျကျလုပ်ခဲ့ပြီးဖြစ်တယ်။

ဒါကြောင့် ဟန်ယောင်ဝှေက UNFC ပေါ်လစီအဖွဲ့ကိုယ်စားအလုပ်လုပ်ဖို့ WGEC အလုပ်အဖွဲ့ကို လူအရေအတွက် များများနဲ့ဖွဲ့စည်းပြီး UNFC ကို ကျော်လွှားအားစမ်းလာတယ်။နိုင်ငံရေးအတွေ့အကြုံရင့်ကျက်တဲ့ UNFC အဖွဲ့ဟာ WGEC ကိုဖျက်ပစ်တာမလုပ်ဘဲနဲ့ WGEC ကနေနှုတ်ထွက်ကြောင်း ယဉ်ယဉ်ကျေးကျေး သိမ်မွေ့စွာလုပ်လိုက်တော့ ဟန်ယောင်ဝှေဟာ UNFC အဖွဲ့ဝင်KNU ရယ်၊ ပူးပေါင်းလုပ်ဆောင်လာတဲ့ RCSS ရယ်ကို WGEC နောက်ခံပိုင်ရှင် ownership ဖြစ်စေဖို့ကြိုးစားပြန်တယ်။ ဒါပေမဲ့ KNU, RCSS ခေါင်းဆောင်တွေဟာ အတွေ့အကြုံများသူတွေ ဖြစ်ကြ တဲ့အတိုင်းလက်မခံကြဘဲ ၂၀၁၃ ခု နိုဝင်ဘာ ၂ ရက်နေ့က ကျင်းပတဲ့ လိုင်ဇာညီလာခံမှာ၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့နိုင်ငံရေးအခြေခံမူတွေ ချမှတ်သဘောတူညီမှု ရပြီးမှ တနိုင်ငံလုံးငြိမ်းချမ်းရေးလက်မှတ်ရေးထိုးဖို့  အခြေခံမူစာတမ်းကို သဘောတူချမှတ်နိုင်တဲ့အပြင်UNFC ကိုယ်စား အလုပ်လုပ်မယ့် NCCT ၁၃ ဦးအဖွဲ့ကိုပါ ဖွဲ့စည်းတာဝန်ပေးအပ်နိုင် ခဲ့တယ်။ယခင် နောက်ခံပိုင်ရှင်မရှိတဲ့ WGEC အဖွဲ့ဆိုတာ မြောင်းပုပ်ထဲ ရောက်သွားပြန်တယ်။ ဒါကြောင့်တိုင်းရင်း သားအင်အားစုကို ၂၀၀၈ ဖွဲ့စည်းပုံအောက် ဆွဲသွင်းမယ့် နိုင်ငံရေးပွဲစားကြီးဟန်ယောင်ဝှေဟာနှာခေါင်း ကျည်ပွေ့ တွေ့သွားရတယ်။

NCCT ကို ဆက်လက်ဖြိုခွဲရန် ကြိုးပမ်းခြင်း
UNFC ကိုယ်စား NCCT ဟာ လိုင်ဇာသဘောတူချက်စာတမ်းကိုစွဲကိုင်ပြီး နိုဝင်ဘာ ၅ ရက်နေ့ မြစ်ကြီးနားမှာ အစိုးရ ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီနဲ့တွေ့ဆုံခဲ့ရာမှာ အရင် MPC ပြုစုခဲ့တဲ့စာတမ်း မဟုတ်တော့ဘဲ မင်းအောင်လှိုင် ကိုယ်စား ဒုဗိုလ်ချုပ်ကြီးမြင့်စိုးကအကြွင်းမဲ့ unconditional လက်နက်ချရေးစာတမ်းတခု တင်ပြလာလို့ မင်းသားခေါင်း စွပ်ထားတဲ့ဘီလူးသရုပ်သကန် ဘွားကနဲပေါ်လာတော့တယ်။ ကုလသမဂ္ဂ အတွင်းဝန်ချုပ်၊ ကိုယ်စားလှယ် ဂမ်ဘာရီ၊အဝေးကစောင့် ကြည့်နေတဲ့ အမေရိကန်သမတဟောင်းကလင်တန်၊ ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲ နဲ့နိုင်ငံတကာခေါင်း ဆောင်တွေ က ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုပေးဖို့ လျာထားတဲ့ သမတသိန်းစိန်ကဘဲအာဏာရှိသလား၊ ပါလီမန်ဥက္ကဌ ရွှေမန်းဘဲ အာဏာရှိသလား၊ ဦးစီးချုပ်မင်းအောင်လှိုင်ဘဲ အာဏာရှိသလားသို့မဟုတ် သန်းရွှေကြိုးဆွဲ ကခိုင်းသလို ကနေကြရသလား ဆိုတာ အားလုံးစဉ်းစားစရာ ဖြစ်သွားတယ်။ဘာဘဲဖြစ်ဖြစ် ၃ နှစ်ကြာလာတဲ့ ငြိမ်းချမ်းရေးဟာ ရိုးသားမှုမရှိကြောင်း ဘူးပေါ်သလိုပေါ်လာတော့တယ်။ကြံ့ဖွတ်အစိုးရလည်း အရှက်တကွဲဖြစ်သွားခဲ့တယ်။ တကယ် တော့ သူတို့ ပြောနေ လုပ်နေတဲ့ ဖွဲ့စည်းပုံပြင်ရေးဆိုတာရယ်၊ ငြိမ်းချမ်းရေးဆိုတာရယ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ ပိုမို ခိုင်မာရေးကိုဘဲ ဦးတည်နေတာဖြစ်တယ်။ ဘယ်လိုမှ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအစစ်အမှန်ဆီကို ဦးတည်နိုင်မှာ မဟုတ်ကြောင်းအားလုံးသဘောပေါက်ကြပြီးဖြစ်တယ်။

ဒါကြောင့် UNFC အဖွဲ့ဝင်တွေ ၂၀၁၃ ခု ဒီဇင်ဘာလ၁၈-၂၀ ရက်နေ့ KNU နယ်မြေ လေးဝါးမှာ တွေ့ဆုံဆွေးနွေးမယ့် အစည်းအဝေး ကို ရက်ရွှေ့ဆိုင်းတာ၊လဝက ဝန်ကြီး ဦးခင်ရီ၊ MPC လှမောင်ရွှေတို့ ဇင်းမယ်မှာ သန်းခေါင်စာရင်း ကောက်ခံရေး အကြောင်းပြပြီးUNFC နဲ့ လာတွေ့တာ၊ ၂၀၁၄ ဇန်နဝါရီလ ၁ ရက်နေ့ ရွှေကုက္ကိုမှာကျင်းပတဲ့ ကရင်နှစ်သစ်ကူးနေ့ကိုဦးအောင်မင်း လာတက်တာ၊ ဇန်နဝါရီလ ၄-၅ ရက်နေ့မှာ KNU ခေါင်းဆောင်များက သမတသိန်းစိန်၊ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်တို့ကို သွားတွေ့ဆုံ တာ စတဲ့ lobby လုပ်သယောင် ကပ်ဖားသယောင်နဲ့ ဖြိုခွဲရေးလုပ်ငန်းတွေကို ခပ်စိတ်စိတ် အတောမသတ် လုပ်လာတာ တွေ့ရတယ်။

စစ်အုပ်စုရဲ့ရည်မှန်းချက်
အရင်တုံးက နဝတ/နအဖ ဖက်ဆစ်စစ်အုပ်စုရဲ့ ရည်မှန်းချက်ဟာပြည်သူတရပ်လုံးကို ကျွန်ပြုထားဖို့ ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးဖြစ်ပြီးမဟာဗျူဟာလုပ်ငန်းတွေအဖြစ် အတုအယောင်အမျိုးသားညီလာခံကို အချိန်အကြာကြီး ဆွဲပြီးရေးတာ၊တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကို အပစ်အခတ်ရပ်စဲပြီး နည်းမျိုးစုံနဲ့သပ်သျှိုဖြိုခွဲတာတွေ လုပ်ဆောင်လာခဲ့တယ်။

ဒီကနေ့ ဖက်ဆစ်သန်းရွှေ ရုပ်သေး အရပ်ဝတ်လဲ သမတဦးသိန်းစိန်အစိုးရရဲ့ ရည်မှန်းချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ ခိုင်မာရေးဖြစ်ပြီး မဟာဗျူဟာလုပ်ငန်းတွေအဖြစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဟန်ပြပြင်ဆင်ရေးလုပ်ငန်းနဲ့ ဟန်ပြငြိမ်းချမ်း ရေးလုပ်ငန်းတို့ကိုအချိန်ဆွဲ လုပ်ဖို့ ဖြစ်တယ်။ ဒါကြောင့် သိန်းစိန်၊ ရွှေမန်း၊ မင်းအောင်လှိုင်တို့ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ဘယ်လိုမှ ဒီမိုကရေစီစံညွှန်းတွေနဲ့ အညီ ပြင်ဆင်ချင်တာမဟုတ်ဘဲအရေးမပါတဲ့အချက်တွေပြင်၊ ၂၀၀၈ ဥပဒေ ကို ပိုခိုင်မာစေပြီး ပြည်သူတွေကို ဆက်လက် ကျွန်ပြုထားရေးဖြစ်တယ်။ငြိမ်းချမ်းရေးဆိုရာမှာလည်း နည်းမျိုးစုံနဲ့ သပ်သျှိုဖြိုခွဲပြီး လက်နက်ချအညံ့ခံရေး၊တိုင်းရင်းသားလူမျိုးစု များ အမျိုးဖြုတ်ရေးဖြစ်တယ်။ ဒါကြောင့် တိုင်းရင်းသား ပြည်သူတရပ်လုံးကမိမိတို့မူလပိုင်ဆိုင်ထားတဲ့ ဒီမိုကရေစီအခြေခံ လူ့အခွင့် အရေးနဲ့ တိုင်းရင်းသားများ တန်းတူစစ်မှန် တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တညီတညွတ်တည်း ဦးတည်ချီတက် ကြရမှာဖြစ်တယ်။

စစ်မှန်သောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး
ဒီမိုကရေစီအခြေခံလူ့အခွင့်အရေးရဲ့ မူလပိုင်ရှင်အစစ်အမှန်ဟာပြည်သူလူထုဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်း သားခေါင်းဆောင်များ ချမှတ်ထားတဲ့ပင်လုံစိတ်ဓာတ် ပြည်ထောင်စုပိုင်ရှင် အစစ်အမှန်ဟာလည်း ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊မွန်၊ မြန်မာ၊ ရှမ်း၊ ရခိုင်စတဲ့ တိုင်းရင်းသားတွေ ဖြစ်ကြတယ်။ ဘယ်လူမျိုး၊ ဘယ်အဖွဲ့အစည်း၊ဘယ် ပုဂ္ဂိုလ်ကမှ ပိုင်ဆိုင်ထားတာ မဟုတ်ပါ။ တောင်းစရာလည်းမဟုတ်၊ ပေးစရာလည်းမဟုတ်ပါ။မိမိတို့တရားဝင် ပိုင်ဆိုင် ထားတဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့ တိုင်းရင်းသားတန်းတူအခွင့်အရေးအရစစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင် စုနိုင်ငံတော်ကို ပြည်သူ့စွမ်းအားနဲ့ တည်ဆောက်ကြရမှာဖြစ်တယ်။

ဗမာပြည်ရဲ့ အခြေခံပြဿနာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာဖြစ်တယ်ဆိုတာနိုင်ငံရေးခေါင်းဆောင်တွေ ထပ်ခါ ထပ်ခါ ပြောခဲ့ ပြီးဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဆိုတာကတော့ ဒီမိုကရေစီဆိတ်သုဉ်းမှုနဲ့ တိုင်းရင်းသား တန်းတူအခွင့်အရေး ဆုံးရှုံးမှုပြဿနာဘဲဖြစ်တယ်။ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားများတန်းတူရေးအတွက် ၁၉၄၈ ခု လွတ်လပ်ရေးရတဲ့အချိန်ကစပြီးဒီနေ့အထိ နှစ် ၆၀ ကျော် ခေါင်းဆောင်တွေ ရဲဘော်တွေ ထောင်သောင်းချီပြီး အသက်ပေးလှူခဲ့ကြ တယ်။ပြည်သူလူထု အသက် အိုးအိမ် ဥစ္စာပစ္စည်းတွေလည်း ကုဋေကုဋာပေါင်း မြောက်များစွာ ဆုံးရှုံးခံကြရတယ်။အဲဒါကြောင့် ကျနော်တို့ဟာ ကျဆုံးသွားကြ တဲ့ ခေါင်းဆောင်တွေ မိဘပြည်သူတွေအပေါ် သစ္စာ မဖောက်မပြန်လက်တွဲညီညာချီတက်ကြရမှာဖြစ်တယ်။

အရင်က ပြည်သူတရပ်လုံးလိုလားတဲ့ ဒီမိုကရေစီကိုရော၊တိုင်းရင်းသားတန်းတူရေးကိုရော ကျောခိုင်းအရှုံးပေးလိုက် ကြတဲ့ သခင်စိုး၊ သိန်းဖေမြင့်၊ဝိဓူရသခင်ချစ်မောင်၊ သခင်တင်မြ၊ မောင်စူးစမ်း၊ ကျော်ဝင်း၊ စောဟန်တာသာမွှေး၊ ဗိုလ်လင်းထင်၊ဆခုံတင်ယိန်းနဲ့ အခြားသစ္စာဖောက်တွေဟာ သမိုင်းတရားခံဘဝအဖြစ် မှတ်တမ်းတင်ခံရမှာ ဖြစ်တယ်။

ဒါကြောင့်…
(၁) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီစံညွှန်းနဲ့အညီပြင်ဆင်ရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံမူကြမ်း ပြင်ဆင်ထားရေးအတွက်ပြည်သူ့စွမ်းအားနဲ့ တိုက်ပွဲဝင်ကြပြီး၊
(၂) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေဟာ၂၀၀၈ ဖွဲ့စည်းပုံအောက် ခေါင်းငုံ့မဝင် ဒူး မထောက်ဘဲ ပင်လုံစိတ်ဓာတ်အရ တိုင်းရင်းသားများတန်းတူရေးရှိတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် အခြေခံမူကျောရိုးframework ရပြီးမှသာ ငြိမ်းချမ်းရေးလက်မှတ်မယ့် လိုင်ဇာမူအတိုင်း တည့် တည့်မတ်မတ်ခံယူရပ်တည်ကြမယ် လို့ ယုံကြည်မိပါတယ်။

(တိမ်ကြားမင်းခေါင်တင်ပြသည်)
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment