ယမန်နေ့က ဒီကေဘီအေတပ် နေရာများကို မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက လက်နက်သိမ်းရာမှ တိုက်ပွဲ ဖြစ်ပွားအပြီး နှစ်ဖက်ကြား စစ်အင်အား ဖြည့်တင်းမှုတွေ ရှိသဖြင့် အခြေအနေ တင်းမာလျှက် ရှိသည်ဟု သိရသည်။
ဒီကေဘီအေ တပ်မှူးများ
ဒီကေဘီအေ လက်နက်များကို ယခုလို လိုက်လံ သိမ်းဆည်းမှုများကြောင့် သတိရှိကြရန် ဒီကေဘီအေ တပ်ဖွဲ့ဝင်များကို တပ်လှန့်ထားပြီး ပြင်ဆင်မှုများလည်း ပြုလုပ်ထားသည်ဟု ဒီကေဘီအေ တပ်မှူးတဦးက ဆိုသည်။အပစ်အခတ် ရပ်စဲသည့် လက်မှတ်ရေးထိုးထားသော်လည်း ယခုလို လက်နက် သိမ်းမှု တွေ ပြုလုပ် လာခြင်းအတွက် သတိဖြင့် နေထိုင်ရန် ပြင်ဆင်မှုတွေ ပြုလုပ်လာရခြင်း ဖြစ်ကြောင်း၊ ဒီကေဘီအ တပ်မှူး တဦးက ပြောဆိုသည်။
အခြေအနေ တင်းမာနေသည့် မြိုင်ကြီးငူဒေသသို့ ရွေကုက္ကိုလ်အခြေစိုက် ဗိုလ်မှူးကြီး စောချစ်သူ ကွပ်ကဲမှု အောက်ရှိ့ ဗိုလ်မှူး စောလိုက်သိမ့် ဦးစီးသည့် နယ်ခြားစောင့်တပ် (၁၀၁၉)တပ်ရင်းတရင်း စစ်ကူ လိုက်သွားသည်ဟု နယ်ခြားစောင့်တပ်နှင့် နီးစပ်သူ တဦးက ဆိုသည်။
ထို့အပြင် မဲသဝေါ ဒေသရှိ နယ်ခြားစောင့်တပ်ဖွဲ့မှ ကား ၅စီးခန့် အဆင်သင့် ပြင် ဆင် ထားပြီး ဒေသ ခံ မြန်မာစစ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း လှုပ်ရှားမှုကို တွေ့ရသည်ဟု အဆိုပါ ဒေသမှ လာသည့် သတင်းအရ သိရသည်။
လက်ရှိ နယ်ခြားစောင့် တပ်များကို မြန်မာစစ်တပ် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ၏ တိုက်ရိုက် ကွပ်ကဲမှုအောက်တွင် ရှိနေသဖြင့် မြန်မာစစ်တပ်မှ အမိန့်ပေး စေခိုင်းခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ယမန်နေ့က ဒီကေဘီအေ နေရာ ၅နေရာခန့် လက်နက်သိမ်းခံရခြင်းဖြစ်ပြီး အသိမ်းခံရသည့် နေရာများမှာ မြိုင်ကြီးငူဒေသအနီးရှိ တခွက်ဖိုး၊ သကြားစက်၊ ပန်းကုန်းတောင်ခြေ၊ ၀ကလယ် ကုန်း၊ တောင်စွန်း၊ ရေပန်း တံတားစသည့် နေရာများ ဖြစ်သည်။
အဆိုပါ လက်နက်သိမ်းအပြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်အချို့ ထိခိုက် သေ ဆုံးမှုများ ရှိသည်ဟု သိရသည်။