Thursday, August 20, 2009

ဗိုလ်ချစ်သူ မိုက်ဇတ်သိမ်းပြီလား

ဒီကေဘီအေ ဗိုလ်မှူးကြီး စောချစ်သူ လုပ်ကြံခံရပြီး ရန်ကုန်မှာ ဆေးကုသမှု ခံယူနေတယ်လို့ ခေတ်ပြိုင် သတင်းဌာနက သြဂုတ်လ ၁၉ ရက်နေ့မှာ ဖော်ပြ လိုက်ပါတယ်။

ဗိုလ်ချစ်သူ လုပ်ကြံခံရ တယ်ဆိုတဲ့ သတင်းကို လွန်ခဲ့တဲ့ ၂ ပတ်ကျော်လောက်ကတည်းက ကြားခဲ့ပါတယ်။ ဗိုလ်ဆန်ပြုတ် အသုဘအပြီး ဇွန်လကုန်လောက်မှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဖြစ်တာက ဗိုလ်ဆန်ပြုတ်ရဲ့သားက ဗိုလ်ချစ်သူကို သေနတ်နဲ့ ၂ ချက်ပစ်တယ်။ ဒဏ်ရာရ သွားတယ်။ ဗိုလ်ချစ်သူဘက်က ပြန်ပစ်တော့ အဲဒီကောင်လေး ပွဲချင်းပြီး သေသွားတယ်။ အဲသလို ကြားပါတယ်။

ဗိုလ်ချစ်သူ လုပ်ကြံခံရတဲ့အတွက် ပစ်ခတ်တာတွေ တိုက်ပွဲတွေ ဖြစ်လာမှာကြောက်လို့ ကုက္ကိုရွာမှာ ဈေးဆိုင်တွေ ပိတ်လိုက်ကြပြီ၊ ငယ်သား ဗိုလ်အချို့လည်း ကျန်းမာရေး အကြောင်းပြပြီး မော်လမြိုင်တို့ ရန်ကုန်တို့မှာ ဆေးသွားကုမယ်ဆိုပြီး ရှောင်ထွက်သွားကြတာလည်း အများကြီး ရှိတယ်လို့ ကြားခဲ့ရပါတယ်။

ဒါပေမယ့် ခုချိန်ထိ သတင်း အတည်မပြုနိုင်သေးဘဲ ကောလာဟလလို ဖြစ်နေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ရန်ကုန်မှာ ဆေးကုနေသလိုလို၊ မဲဆောက်ဆေးရုံကြီးမှာ လာကုသလိုလို၊ ချင်းမိုင် ဘန်ကောက် ဆေးရုံတွေကိုဘဲ သွားသလိုလို စသဖြင့် အမျိုးမျိုး ကြားနေရပါတယ်။ တချို့သတင်းဆိုရင် စင်ကာပူမှာ ဆေးကုနေရင်း အဲဒီမှာဘဲ သေသွားပြီဆိုပြီးလည်း ကြားရ ပါသေးတယ်။

ထားပါတော့။ ကြားနေရတာတွေက အမျိုးမျိး၊ ဘယ်တခုမှလည်း အတည်မပြုနိုင်ဖြစ်နေခဲ့တာ အခု ခေတ်ပြိုင်က ဒီသတင်းကို ဖော်ပြပြီဆိုတော့ ဗိုလ်ချစ်သူ တကယ် လုပ်ကြံခံရတယ် ထင်ပါတယ်။

ဘယ်သူက လုပ်ကြံတာလဲဆိုတာ သေချာမသိရသေးပေမယ့် ဘယ်သူကဘဲ လုပ်ကြံလုပ်ကြံ ကိုယ့်လူမျိုးအပေါ် သစ္စာဖောက်ပြီး ဗမာစစ်တပ်ခိုင်းတဲ့အတိုင်းလုပ်နေတဲ့ ဗိုလ်ချစ်သူ မိုက်ဇာတ် သိမ်းသွားပြီဆိုရင် အမျိုးချစ်သူတိုင်း ၀မ်းသာကြမယ် ထင်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လပိုင်း နအဖနဲ့ ဒီကေဘီအေ ပူးပေါင်းပြီး တပ်မဟာ (၇)ကို အပြင်းအထန် ထိုးစစ်ဆင်ခဲ့ တာမှာ နအဖတပ်က နောက်က ထပ်ကြပ်မကွာ လိုက်ပြီး ဒီကေဘီအေက ရှေ့ကနေ အသေခံခဲ့တဲ့ ပွဲပါ။ ဗျူဟာမှူးဖြစ်တဲ့ ဗိုလ်ချစ်သူ ပြောခဲ့တာက တပ်မဟာ(၇)ကို သိမ်းနိုင်ဖို့အတွက် ဒီကေဘီအေ စစ်သား ၃၀၀ အကျဆုံးခံတိုက်မယ်တဲ့။ တကယ်မှာလည်း ပြောတဲ့အတိုင်း လုပ်ခဲ့ပါတယ်။ နအဖ ဗမာစစ်တပ်ရဲ့ ကရင်လူမျိုးတုံးစစ်ပွဲကို ကရင်တဦးဖြစ်တဲ့ ဗိုလ်ချစ်သူကိုယ်တိုင် အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒါဟာ ကရင့်သမိုင်းမှာ မှတ်တမ်းဝင် ဖြစ်သွားခဲ့ပါပြီ။

အခု ဗိုလ်ချစ်သူ လုပ်ကြံခံရလို့ မိုက်ဇာတ်သိမ်းသွားပြီဆိုရင် ရွှေကုက္ကိုမှာ ရှိတဲ့ ဒီကေဘီအေ စစ်သင်္ချိုင်း - အမျိုးသားသစ္စာဖောက်များရဲ့ သင်္ချိုင်းမှာ အရင်ရောက်နှင့်နေတဲ့ ဗိုလ်ဆန်ပြုတ် မြေပုံဘေးမှာ နေရာချပေးကြမယ် ထင်ပါတယ်။

ဒီကေဘီအေထဲမှာ ရှိနေဆဲဖြစ်တဲ့ ကျနော်တို့ ညီအကိုအားလုံး လမ်းမှန်ကို ရှာတွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဇွဲကပင်(ကျော်ခရော့ဝက်ဆိုက်ဘ်)မှ ကူးယူသည်၊
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment